DVB Logo
Home
မြန်မာသတင်း
နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်း ရပ်တန့်ပေးရန် သီပေါလူမှုအဖွဲ့များ တောင်းဆို
DVB
·
August 9, 2018
နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်း ရပ်တန့်ပေးရန် သီပေါလူမှုအဖွဲ့များ တောင်းဆို
1 / 2
Donate to DVB

နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်နေတာကို ရပ်တန့်ပေးဖို့ ရှမ်းပြည်နယ်၊ သီပေါမြို့ နယ် လူမှုအခြေပြုအဖွဲ့  ၁၁ ဖွဲ့ကပူးတွဲ တောင်းဆိုလိုက်ပါတယ်။

မြစ်ငယ်မြစ်ပေါ် တည်ဆောက်နေတဲ့ အထက်ရဲရွာ ရေကာတာစီမံကိန်းဟာ တ၀က်လောက် ပြီးစီးနေပြီး ရေကာတာကြောင့် သဘာဝဂေဟစနစ်တွေ ထိခိုက်ပျက်စီးမယ့်အပြင် ကျေးရွာတွေ ရေနစ်မြုပ် ပျက်စီးမယ့် အန္တရာယ်ရှိနိုင်တာကြောင့် ကန့်ကွက်တာလို့ ထုတ်ပြန်ထားပါတယ်။

အထက်ရဲရွာ ရေကာတာတည်ဆောက်မှုကြောင့် သီပေါမြို့နယ် တာလုံ(အရှေ့) ကျေးရွာနဲ့ တာလုံ(အနောက်)ကျေးရွာနှစ်ရွာ ရေအောက်ရောက်နိုင်တာကြောင့် ရွှေ့ပြောင်းပေးဖို့ တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ နှစ်တွေကတည်းက အသိပေးထားပါတယ်။

ဒါပေမယ့်  ဒေသခံတွေကတော့ ဘိုးဘွား စဉ်ဆက်ကတည်းက နေလာတဲ့ ရွာဖြစ်လို့ မပြောင်းရွှေ့ချင်ကြဘူးလို့ တာလုံရွာသူ နန်းငယ်ငယ်က ပြောပါတယ်။

“အဲဒီရေကာတာပြီးရင် ကျမတို့ ရွာက နစ်မြုပ်သွားမှာ ဖြစ်တယ်။ ရေကာတာက အခုဆိုရင် ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်လောက် ကျမတို့ ပြောင်းရွှေ့မှာဖြစ်တယ်။ အဲဒါကြောင့်မို့ ကျမတို့ကန့်ကွက်တယ်။ ဘယ်နေရာပြောင်းခိုင်းလဲဆိုတော့ မရှိသေးဘူး။ ကျမတို့လည်း မပြောင်းချင်ဘူးပေါ့နော်။ ရှေ့ကတည်းက နေထိုင်လာတဲ့နေရာမှာပဲနေချင်တယ်။ ကျမတို့ ဆုံးရှုံးမှုတွေကလည်း အများကြီးပဲ။ ကျမတို့က ပညာတတ်တွေလည်း မဟုတ်ဘူး။ ကျမတို့က ခြံတွေပဲ လုပ်ကိုင်စားသောက်နေကြရတာ။ ကျမတို့ အဖိုးမဖြတ်နိုင်ဘူး။ ”

ရေကာတာကြောင့် တာလုံကျေးရွာမှာ လူဦးရေ ၆၈၃၊ ကဗ္ဗလာဥယျာဉ်ခြံမြေ ၁၈၄ ဧက၊ လယ်မြေ ၁၇၄ ဧကအပြင် တောင်ယာစိုက်ခင်းတွေ၊ စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ရေအောက်နစ်မြှုပ်သွားနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက တည်ဆောက်နေဆဲ အထက်ရဲရွာ ရေကာတာ ဆောက်လုပ်ရေးလုပ်ငန်း အားနည်းချက်တွေကြောင့်  မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော်အစိုးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၃) တည်ဆောက်ရေးက ဆောင်ရွက်နေတဲ့  စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်း နည်းပညာပိုင်းနဲ့  စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေး ဆွစ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီတခုက လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၁၄ဝ၉ ထွက်ရှိမယ့် ဒီအထက်ရဲရွာ ရေကာတာစီမံကိန်းကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂ဝ၂ဝ-၂ဝ၂၁ခုနှစ်လောက်မှာ စီမံကိန်း ပြီးစီးဖို့ လျာထားပါတယ်။

ဒီစီမံကိန်းစတင်ကတည်း ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက်မှုတွေ ရှိနေသလို အခုချိန်ထိလည်း ကန့်ကွက်မှုတွေ ဆက်ပြီးလုပ်ဆောင်နေပါတယ်။

သီပေါလူမှုအဖွဲ့အစည်းတွေအနေနဲ့ကတော့ လျှပ်စစ်ဓာတ်အားရရှိဖို့ အတွက် ရေကာတာ စီမံကိန်းနဲ့မလုပ်ဘဲ တခြားနည်းလမ်းတခုနဲ့ နိုင်ငံတော်အစိုးရက လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013