DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံး နှစ် ၃၀ အကြံပြုချက်ထုတ်ပြန်၊ စစ်တပ်က နိုင်ငံရေးတွင် ဝင်မစွက်ရန် တိုက်တွန်း
DVB
·
August 8, 2018
ရှစ်လေးလုံး နှစ် ၃၀ အကြံပြုချက်ထုတ်ပြန်၊ စစ်တပ်က နိုင်ငံရေးတွင် ဝင်မစွက်ရန် တိုက်တွန်း
Donate to DVB

မြန်မာပြည်မှာ အရပ်ဘက် အုပ်ချုပ်ရေး ပိုမိုအားကောင်းလာစေဖို့ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှုမရှိအောင် လုပ်ဆောင်ဖို့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီက တိုင်းပြည်သို့ အကြုံချက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေအရ  နိုင်ငံတော်နဲ့ ပြည်သူတွေထံ အကြံပြုချက်တွေ ဒီကနေ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ထုတ်ပြန်လိုက်တာပါ။

အကြံပြုချက်တွေထဲမှာ စစ်တပ်ဟာ စစ်ရေးနဲ့ ကာကွယ်ရေးကိုသာ အထူးပြု တာဝန်ထမ်းဆောင်ဖို့၊ ပြည်တွင်းစစ်ဟာ စစ်အာဏာရှင်စနစ်ကို ရှင်သန်ကြီးထွားစေတဲ့ အဓိက အကြောင်းရင်းဖြစ်လို့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းလမ်းနဲ့သာ ကြိုးစားအဖြေရှာဖို့၊ နိုင်ငံလုံခြုံရေးဟာ နိုင်ငံသားအားလုံးနဲ့ဆိုင်တာကြောင့် စစ်တပ်အနေနဲ့ အရပ်ဘက်နိုင်ငံရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ပတ်သက်လို့တော့ အားလုံး လက်ခံသဘောတူနိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ဖို့၊ ဒေသအားလုံး တပြေးညီ ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့၊ အစိုးရအနေနဲ့ ကြားမနေဘဲ ကိုယ်တိုင် တပ်မတော်နဲ့ ဆွေးနွေးနည်းလမ်းရှာဖို့၊ မျိုးနွယ်စုငယ်တွေကို တန်းတူရည်တူ အလေးထားဆက်ဆံဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနှုန်းတွေနဲ့ ကိုက်ညီဖို့၊ လူမျိုးကြီး လူမျိုးစု အစွန်းရောက်အစွဲအလမ်း မထားဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ စတာတွေ အကြံပြုပါတယ်။

လက်ရှိတိုင်းပြည်မှာ ဆင်းရဲတွင်းနက်နေတာ၊ တရားဥပဒေ စိုးမိုးမှု အားနည်းနေတာ၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေ ရှိနေသေးတာ။ သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေတာ၊ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲမှုမရှိသေးတာ၊ အစိုးရအနေနဲ့ ၀န်ကြီးဌာနအားလုံးကို စီမံခွင့်မရှိတာ၊ ဒီမိုကရေစီအရ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အာမခံချက် မရှိတာ၊ အစိုးရ နှစ်ရပ်ရှိနေသလိုဖြစ်နေတာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှေးကွေးတာ စတဲ့ အခက်အခဲစိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရေတို၊ ရေရှည် စီမံကိန်းတွေချမှတ် လုပ်ဆောင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်အဆင်ပြေစေရေး အန်စီအေ လုပ်ငန်းစဉ်ကို ပြန်သုံးသပ်ဖို့၊ ဘတ်ဂျက်ကိစ္စ ပွင့်လင်းမြင်သာစွာဆောင်ရွက်ဖို့၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကို လက်ခံစဉ်းစားဖို့၊ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး လူထုဆန္ဒကို လေးစားဖို့အကြံပြုထားသလို  နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့လည်း အရည်အသွေးမြှင့်တင်ဖို့ တိုက်တွန်းထားပါတယ်။

ဆွေးနွေးပွဲရလဒ်နဲ့ ဒီအကြံပြုချက်တွေကို နိုင်ငံတ၀န်းက ပြည်သူတွေသိအောင် ဖြန့်ဝေပေးသွားမှာဖြစ်သလို နိုင်ငံအကြီးအကဲတွေထံကိုလည်း ပေးပို့သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်  ဦးသက်ထွန်းက “အန်တီစုနဲ့ သမ္မတတင်မကဘူး။ ကျန်တဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုရော၊ တိုင်းရင်းသားတွေရော အားလုံးကိုတော့ အသိပေးမှာပဲ။ ဒီအချက်အလက်တွေအပေါ်မှာ လက်ခံတာမခံတာ၊ ဒါတွေကို ထည့်သွင်းစဉ်းစားတာ မစဉ်းစားတာကတော့ သူတို့တဦးချင်းစီ တဖွဲ့ချင်းစီရဲ့ သဘောထားပဲ ဖြစ်မယ်။ ၈၈ မျိုးဆက်တွေနဲ့ လက်ရှိလူထုနဲ့ အနည်းစပ်ဆုံးရှိနေတဲ့ လူတွေရဲ့ ခံစားချက်တွေ အမြင်တွေ စုစည်းပြီးတော့ ချပြလိုက်တာပဲ။ တိုင်းပြည်ကိုလည်း ဒီလိုအခြေအနေမှာ ဒါတွေတော့ ရှိနေတယ်ဆိုပြီး ရသလောက်အနှစ်ချုပ်ကို ချပြတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ သြဂုတ် ၆ ရက်ကနေ ၇ ရက်ထိ နှစ်ရက်ကြာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြီး ဒီမိုကရေစီရေးနှစ် ၃၀ ခရီး၊ တိုင်းရင်းသားများတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင် စနစ်ဆိုပြီး ခေါင်းစဉ် သုံးခုခွဲ ဆွေးနွေးခဲ့ကြပါ။

ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားမျိုးဆက်တွေ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ၊ စာပေနဲ့ အနုပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သံဃာတွေ၊ သုတေသီတွေနဲ့ တက်ကြွလှုပ်ရှားသူ ၅၀၀ ကျော်လောက် ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013