DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် တကျော့ပြန် မြစ်ရေကြီး၊ ကျောင်းများ ထပ်မံပိတ်ထားရ
DVB
·
August 8, 2018
တနင်္သာရီမြို့နယ်တွင် တကျော့ပြန် မြစ်ရေကြီး၊ ကျောင်းများ ထပ်မံပိတ်ထားရ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ မြစ်ရေ ဆက်တိုးလာတဲ့အတွက် ပြီးခဲ့တဲ့အပတ်က ပြန်ဖွင့်တဲ့ စာသင်ကျောင်းတွေ မနေ့ကစပြီး ပြန်ပိတ်လိုက်ရပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကတည်းက မြစ်ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေကြီးရေလျှံပြီး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားခဲ့ရပါတယ်။

ရေကြီးမှုကြောင့် မြို့နယ်တွင်း အခြေခံပညာကျောင်းပေါင်း ၆၅ ကျောင်း ပိတ်ခဲ့ရပြီး ပြီးခဲ့တဲ့အပတ်က ရေကျသွားတဲ့ ကျောင်းတွေ အများစု ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၄ ကျောင်းကတော့ မဖွင့်နိုင်ခဲ့ပါဘူး။

မနေ့ကစပြီး ရေတွေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ပြီး အန္တရာယ်ရေမှတ် ရောက်ရှိတဲ့အတွက် အရင်တပတ်က ပြန်ဖွင့်ခဲ့တဲ့ ကျောင်းတွေ ပြန်ပိတ်လိုက်ရတယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

“အခုရေကတော့ အန္တရာယ်ရေမှတ်ကို ကျော်သွားပြီဗျာ။ စိုးရိမ်ရေမှတ်က ၁၇ ပေပါ။ အန္တရာယ်ရေမှတ်က ၂၄ ပေပါ။ အခုရေက ၂၄ ပေ ၄ လက်မ ရှိပါတယ်။ ၁၁ နာရီထိုး တိုင်းတာမှုအရပေါ့။ ပထမအကြိမ် ရေကြီးတုန်းက ၆၅ ကျောင်း ပိတ်လိုက်ရတယ်။ တချို့ ပေါ်တဲ့ကျောင်းတွေ ပြန်ဖွင့်လိုက်တယ်။ ၁၄ ကျောင်း ကျန်တယ်ပေါ့နော်။ မနေ့က စပိတ်တဲ့ စာရင်းနဲ့ဆိုရင် ၂၂ ကျောင်း ပြန်ဖြစ်သွားပြီပေါ့နော်။ ဒီနေ့ စာရင်းကတော့ မသိရသေးဘူး။”

ရေကြီးမှုကြောင့် တနင်္သာရီမြို့နယ်အတွင်း လူပေါင်း ၂၄,၀၀၀ ကျော် ရေဘေးကြုံနေရပြီး သွားရေးလာရေးအခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် တိုင်းအစိုးရအဖွဲ့က စားနပ်ရိက္ခာတွေ ကူညီပေးနေပြီး နောက်ထပ်အကူအညီတွေရဖို့ ထပ်တင်ထားတယ်လို့လည်း ဦးရဲမြင့်ဆွေက ပြောပါတယ်။

“ကျနော်တို့က ပြီးခဲ့တခေါက် ရေက လုံးလုံးခန်းသွားတဲ့ အနေအထားမျိုး မရောက်ဘူးဗျာ။ တက်လိုက် ကျလိုက် ဖြစ်နေတာ။ အခု ထပ်တိုးလာတယ်ဆိုတော့ ကျနော်တို့က လူတွေက ထပ်တိုးလာတဲ့ အနေအထားတော့ မဟုတ်ဘူး၊ အရင်တိုင်းလောက်ပဲ ဖြစ်တယ်။ အတိုး အလျော့တော့ နည်းနည်းရှိမယ်။ ၉ ရက်နေ့အထိက ကျနော်တို့ ရိက္ခာဝေထားပြီး ဖြစ်တယ်။ ဒီနောက်ပိုင်း ရက်တွေအတွက် ရိက္ခာပြတ်သွားပြီပေါ့နော်။ အဲဒီအတွက် တိုင်းအစိုးရဆီကို ကျနော်တို့ တင်ပြတောင်းခံထားတာ ရှိပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၁၄  ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ  စိုးရိမ်ရေအမှတ်ကို ကျော်လွန်ခဲ့ပြီး တနင်္သာရီမြို့နဲ့ မြစ်ဝှမ်းဒေသတလျှောက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီမြစ်ရေကြီးမှုကြောင့် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး နေရာတချို့မှာ ကားလမ်းပေါ် ရေကျော်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013