DVB Logo
Home
Lead Story
၈၈ ရဲ့ အဖြေမထွက်တဲ့ ပဟေဠိတပုဒ်
DVB
·
August 8, 2018
၈၈ ရဲ့ အဖြေမထွက်တဲ့ ပဟေဠိတပုဒ်
Donate to DVB

ရှစ်လေးလုံး လူထုအရေးတော်ပုံရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအကြောင်း ပြောကြ၊ ရေးကြတာတွေ များစွာ တွေ့ရ ဖတ်ရတယ်။ အဲဒီလှုပ်ရှားမှုတွေထက် Public Memoir တွေတော့ အတော်နည်းနေသေးတယ်။ ဒါကြောင့် ကျနော် ကြုံတွေ့ခဲ့ရတဲ့ စာရင်းမဝင် စာမတင်ကြတာလေးတွေကို ဖော်ထုတ်တင်ပြနေတာ။ တနည်းပြောရရင် အစတေးခံတွေအကြောင်း ဆိုရင် ပိုမှန်ပါလိမ့်မယ်။

အခုလည်း ကျနော့်အတွက် အဖြေမထွက်ခဲ့တဲ့ ၈၈ ရဲ့ ပဟေဠိတခုကို လူကြီးမင်းတို့နဲ့ အတူ အဖြေရှာကြည့်ချင်တယ်။ ရက်တော့ မမှတ်မိတော့ဘူး။ စက်တင်ဘာလဆန်းပိုင်းတော့ ရောက်နေပါပြီ။ အဲဒီကာလမှာ “အထွေထွေ သပိတ်ကော်မတီ”ဆိုပြီး သရက်တောကျောင်းတိုက်မှာ ရုံးခန်းဖွင့်ထားရင်း သပိတ်မှာ ဖြစ်ပျက်တဲ့ ပြဿနာရပ်အချို့ကို ရှင်းပေးကြရတာပါ။ ကျနော်ကတော့ အဓိကတာဝန်ရှိသူ မဟုတ်ပေမယ့် ကူညီလုပ်ပေးနေရပါတယ်။ အဲဒီကာလမှာ အများဆုံး ဖြေရှင်းနေရတာက မဖွယ်မရာ လူသတ်မှုတွေပါ။ အချို့လူသတ်မှုတွေက လူမိုက်အချင်းချင်း စာရင်းရှင်းကြတာ ရှိသလို တချို့ကတော့ မကျေနပ်ချက်တွေကို လက်စားချေကြတာတွေလည်း ရှိပါတယ်။

တကယ်တော့ ဒါတွေရဲ့အစဟာ စစ်ထောက်လှမ်းရေးပါ။ ပြည်သူလူထုကို လမ်းလွဲရောက်အောင် စစ်မြှူ လုပ်ဆောင်ရာက စတာပါ။ ဒီအကြောင်းကို ဆရာမြသန်းစံ ကိုယ်တိုင် ဖွင့်ဟဝန်ခံတာတွေလည်း ရှိပါတယ်။ လူထု ဆန္ဒပြပွဲကို တန်ပြန်တဲ့အနေနဲ့ သောက်ရေနဲ့ အစားအသောက်တွေထဲမှာ အဆိပ်ခပ်ခိုင်းတာတွေကို ကျူးလွန်ခဲ့ကြပါတယ်။ အစပိုင်းမှာ တကယ် ကျူးလွန်သူတွေ ရှိကောင်းရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အုတ်ရောရော ကျောက်ရောရော ဖြစ်ကုန်ခဲ့တယ်။

ဆန္ဒပြပွဲ ရက်ရှည်တာနဲ့အမျှ လူထုကို ထိန်းကွပ်ဖို့ ခက်ခဲလာခဲ့ပါတော့တယ်။ သူတလူ ငါတမင်း ဖြစ်လာတယ်။ တရားဥပဒေ မရှိတော့သလို တုတ်၊ ဓား ကိုင်ဆောင်ထားသူတွေ မင်းမူလာတယ်။ ဒီအခြေနေဆိုးကြီးကိုတော့ ဘယ်ကျောင်းသားခေါင်းဆောင်၊ ဘယ်နိုင်ငံရေးခေါင်းဆောင်မှ မထိန်းသိမ်းနိုင်ပါဘူး။ ထိန်းသိမ်းဖို့ ခက်ခဲတဲ့ အခြေနေပါ။

ဒါ ဗိုလ်ခင်ညွန့်တို့ လိုချင်တဲ့ အခြေအနေ။ ဗိုလ်ခင်ညွန့်တို့ ဖန်တီးလိုက်တဲ့ အခြေအနေပါ။ အဲဒီကာလရဲ့ အသတ်ခံရသူတွေထဲမှာ အမှန် ဘယ်နှယောက် ပါပြီး၊ အမှား ဘယ်နှယောက် ပါတယ်လို့ မဆိုနိုင်တဲ့ အနေအထားပါ။ တတ်နိုင်သမျှတော့ သပိတ်မှောက် ခေါင်းဆောင်တွေက ကယ်ထုတ်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သေချာတာက အသတ်ခံရသူတွေ အများစုဟာ သပိတ်မှောက် ကျောင်းသား ကျောင်းသူနဲ့ နေရာစုံ၊ သမဂ္ဂအစုံက လူတွေ မပါရှိခဲ့ပါဘူး။ ကိုယ့်အဖွဲ့နဲ့ကိုယ် ကိုယ့်လူအချင်းချင်း ဆိုတော့ လုံခြုံကြပါတယ်။

အသတ်ခံရသူ အများစုက အခြေနေမဲ့ အောက်ခြေလူတန်းစားတွေနဲ့ လူမိုက်အချင်းချင်း စာရင်းရှင်းကြတာတွေပါပဲ။ အချို့ မရိုးမသား မသမာမှု ကျူးလွန်သူတွေလည်း ရှိသလို အမှန်တကယ် တန်ပြန်သပိတ် ပြုလုပ်သူတွေရဲ့ ငွေပေး စေခိုင်းချက်ကြောင့် ကျူးလွန်သူတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေကိုတော့ ဝါရင့်နိုင်ငံရေးသမားအဟောင်းတွေရော၊ နေရာဌာနအသီးသီးက သပိတ်ခေါင်းဆောင်တွေရော အလိုမရှိခဲ့ကြပါဘူး။ ဒါပေမယ့် ဒီလို ခေါင်းဖြတ်မှုတွေ တကယ်ဖြစ်ခဲ့ပါတယ်။

စိတ်မချမ်းသာစရာ ကိစ္စရပ်တွေကို ရှင်းနေတာနဲ့ အဲဒီရက်တွေမှာ အိမ်ကို မပြန်ဖြစ်ခဲ့ဘူး။ တခုသော မနက် ၄ နာရီကျော်ကျော်လောက်မှာ ကျနော် အိပ်ရာနိုးနေပါတယ်။ ညက စောစောအိပ်လိုက်တာကိုး။ ကျနော်က သရက်တောကျောင်းတိုက်မှာ အိပ်တာ။ အစောကြီး နိုးပြီး ပြန်အိပ်လို့ မရတဲ့အဆုံး ဆေးရုံကြီး အရေးပေါ်ဘက် လမ်းလျှောက်ရင်း အရေးပေါ်ရှေ့ သရက်တောကျောင်းတိုက်ဘက်က အုတ်ခုံလေးမှာ ထိုင်ပြီး ဆေးလိပ်သောက်ရင်း ရောက်တတ်ရာရာ စဉ်းစားနေတယ်။ ပတ်ဝန်းကျင်တခုလုံးလည်း တိတ်ဆိတ်လို့။ ညက မိုးရွာထားပေမယ့် အခုမနက်တော့ မိုးတိတ်နေလေရဲ့။ တနေ့လုံး ဆန္ဒပြသူတွေနဲ့ ပျားပန်းခပ် လှုပ်ရှားနေတဲ့ လမ်းမတော်လမ်းတလျှောက်ကတော့ လူသူကင်းလို့။

စိတ်အတွေးက လမ်းမတော်လမ်းအကြောင်း ရောက်သွားတယ်။ ဟိုရှေးကာလက ဒီလမ်းကနေ မြန်မာဘုရင် အဝင် အထွက်လုပ်ရာ လမ်းမကြီးဖြစ်တဲ့အတွက် “တော်” တပ်ပြီး ခေါ်ရာက လမ်းမတော် ဖြစ်လာပုံကို တွေးရင် မြန်မာဘုရင်တို့ရဲ့ ယာယီနန်းတော်ဟာ အခု ပဲခူးကလပ် အလွန်မှာ ရှိမှာလို့ စဉ်းစားရင် ဆေးတက္ကသိုလ် (၁) ဘက် လှည့်ကြည့်လိုက်တော့ ကျနော် ကြက်သီးထသွားတယ်။ ဆေးတက္ကသိုလ်ရဲ့ မျက်နှာချင်းဆိုင်က စိန်ပန်းပင်အောက်မှာ မှောင်ရိပ်ခို လှုပ်ရှားနေတဲ့ လူပုံသဏ္ဌာန်တခုကို တွေ့လိုက်လို့ပါ။ စိတ်ကို ပြန်စုစည်းပြီး သေချာကြည့်တော့ လူနှစ်ယောက်။ တယောက်က ခပ်ငယ်ငယ်နဲ့ ကျန်တယောက်က ခပ်ကြီးကြီး သဏ္ဌာန်ရှိတယ်။ သူတို့ အမှောင်ရိပ်ခိုပြီး တရွေ့ရွေ့ချင်း ဆေးတက္ကသိုလ် အပေါက်နားထိ သွားနေတယ်။ အပေါက်နား ချဉ်းကပ်မိတာနဲ့ သူတို့ လှုပ်ရှားမှု ရပ်သွားတယ်။

ကျနော့်အာရုံက သူတို့ထံက ခွာလို့မရတော့ဘူး။ မှိန်ပျပျ အလင်းရှိနေပေမယ့် သူတို့က စိန်ပန်းရိပ်ရှိရာ အမှောင်ရိပ်ခိုပြီး ရပ်နေတာ။ အဲဒီအချိန်မှာပဲ အသက်ကြီးကြီး မိန်းမကြီးက တနေရာကို လက်ညှိုးထိုးပြနေတယ်။ သူ လက်ညှိုးညွှန်ရာနေရာက ဆေးတက္ကသိုလ် (၁) အဝင်ပေါက်ဘေးမှာရှိတဲ့ စိန်ပန်းပင် ငုတ်တိုနေရာ။ ဘုရား… ဘုရား…။ အဲဒါ လွန်ခဲ့တဲ့ နှစ်ရက်ကမှ အမျိုးသမီးတဦးကို အဆိပ်ခပ်သူအဖြစ် စွပ်စွဲပြီး ခုတ်အသတ်ခံရတဲ့ နေရာ။ အဲဒီနေ့က သတင်းကြားလို့ တားဖို့ သွားကြသူတွေ အချိန်မမီတော့ဘဲ စိတ်မကောင်းစွာ ပြန်လှည့်ခဲ့ရတဲ့ အဖြစ်ကို သွားတိရလိုက်မိတယ်။ သေသေချာချာ အာရုံစိုက်ကြည့်ရင်း ကျနော် အုတ်ခုံကထပြီး သူတို့နား တရွေ့ရွေ့ချင်း ချဉ်းကပ်နေမိတယ်။ ကျနော် ဆေးရုံထောင့်နား ရောက်တော့ သူတို့ကို သဲသဲကွဲကွဲ မြင်ရပါပြီ။ မိန်းမကြီးက နွမ်းနွမ်းဖတ်ဖတ်နဲ့ အသက်က ၅၀ ကျော်လောက်ရှိပြီ။ ကလေးမက ရှိလှ ရှစ်နှစ်၊ ကိုးနှစ်ပေါ့။ မျက်နှာတော့ သေသေချာချာ မမြင်ရပါဘူး။ အလင်းရောင်က အဲဒီလောက်ထိ အားမှမရှိဘဲ။

ကျနော့်လှုပ်ရှားသံ ကြားလိုက်တယ် ထင်ပါတယ်။ တချက် လှည့်ကြည့်ပြီး အဘွားဖြစ်သူက ကလေးမလက်ကို ဆွဲပြီး လမ်းမတော်လမ်းအလိုက် မြို့ပတ်ရထားဘူတာရုံဘက်ကို ဟန်မပျက် ထွက်သွာတယ်။ သိပ်အမြန်ကြီး မဟုတ်ပေမယ့် ခြေလှမ်းခပ်သွက်သွက်လို့တော့ ဆိုနိုင်ပါတယ်လေ။ ကလေးမလေးကတော့ စိန်ပန်းငုတ်တိုရှိရာဘက် လှည့်ကြည့်ရင် အဘွား ခေါ်ရာနောက် ယက်ကန်ယက်ကန်နဲ့။ သူတို့ ထွက်သွားရာဘက်ဆီကို ကျနော် အတန်ကြာထိ ငေးကြည့်နေမိတယ်။ ဘာလဲ…။ ဒီနှစ်ယောက်ဟာ မြေးအဘွား တော်သလား။ ဒါမှမဟုတ် အမျိုးတွေလား။ ပြီးတော့… စိန်ပန်းပင်ငုတ်တိုပေါ်မှာ ဇီဝိန်ချုပ်သွားရှာတဲ့ အမျိုးသမီးနဲ့ ဘယ်လို ဆက်စပ်ခဲ့သလဲ။ အသတ်ခံရသူ အမျိုးသမီးက ဒီအဘွားအိုကြီးရဲ့ သမီးလား။ ဒီကလေးမကရော အသတ်ခံရသူ အမျိုးသမီးရဲ့ သမီးလေလား။ ကျနော် အတွေးတွေ ရှုပ်ထွေးနေပါတယ်။

တဆက်တည်း စဉ်းစားနေမိတာက မတ်လကနေစရင် အရေးတော်ပုံဟာ အတော်ရှည်ကြာနေပြီ။ ဒီကြားထဲ မမျှော်လင့်တာတွေလည်း ဖြစ်ခဲ့သလို မျှော်လင့်တာတွေလည်း ဖြစ်ခဲ့ပြီးပြီ။ တပြည်လုံးလည်း တောရော မြို့ပါမကျန် မ.ဆ.လ တပါတီ အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဖော်ထုတ်ပြသခဲ့ကြပြီ။ ဒီမိုကရေစီကို အလိုရှိကြောင်း တောင်းဆိုခဲ့ကြပြီးပြီ။ မဖြစ်သင့်တာတွေလည်း ဖြစ်ခဲ့သလို ဖြစ်သင့်တာတွေလည်း ဖြစ်ခဲ့တယ်။ ဣဋ္ဌာရုံကိုလည်း ကြုံတွေ့လိုက်ရတယ်။ အနိဋ္ဌာရုံလည်း တွေ့ရတယ်။ ဒီအရေးတော်ပုံကြီးထဲမှာ ငါ… ဘာတွေ မြင်ခဲ့သလဲ။ ဘာတွေ မှတ်သားလိုက်ရသလဲ။ ဘယ်အကြောင်းအရာတွေက ငါ့မှတ်ဉာဏ်မှာ တင်ကျန်ရစ်လေမလဲ။

မိုးဖွဲဖွဲလေး ကျလာပြီ။ ကျနော် စိတ်တွေ လှုပ်ရှားနေတယ်။ မျက်စိထဲ မှတ်ဉာဏ်ထဲမှာ မြေးအဘွားနှစ်ယောက်ရဲ့ ပုံရိပ်က မထွက်တော့။ ရင်ထဲမှာရော ဦးနှောက်ထဲမှာရော မွန်းကျပ်နေတယ်။ ပဟေဠိတွေကသာ လွှမ်းမိုးနေတယ်။ တပြိုင်တည်း အညတရတွေဟာ စတေးခံသက်သက် ဖြစ်နေသလား။ သူတို့ရဲ့ ဒီဖြစ်ရပ်ဆိုးတွေကို ဘယ်သူကများ အရေးတယူလုပ်လို့ မှတ်တမ်းတင်ကြလေမလဲ။

စဉ်းစားရင်း အဖြေမရတဲ့အဆုံး သရက်တောကျောင်းတိုက်ဆီ ပြန်မသွားတော့ဘဲ ကျနော့်အိမ်ရှိရာ ကြည့်မြင်တိုင်ကိုပဲ ခြေဦးလှည့်လိုက်ပါတယ်။

မနက် အရုဏ်တက်မို့ အလင်းပျပျလေးတော့ မြင်နေရပါပြီ။ ဝေခွဲမရ နုန်းခွေနေတဲ့ စိတ်ကတော့ ပဟေဠိဆန်တဲ့ မြေးအဘွားတို့ဆီသာ ရောက်နေပါတော့တယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013