DVB Logo
Home
မြန်မာသတင်း
ခေါင်းရမ်း ငြင်းဆန် ဟင့်အင်းလုပ် ခြိမ်းခြောက်မှုများ ကျော်ဖြတ်မည်ဟု ဦးမင်းကိုနိုင်ပြော
DVB
·
August 8, 2018
ခေါင်းရမ်း ငြင်းဆန် ဟင့်အင်းလုပ် ခြိမ်းခြောက်မှုများ ကျော်ဖြတ်မည်ဟု ဦးမင်းကိုနိုင်ပြော
Donate to DVB

ရှေ့ဆက်သွားမယ့် ဒီမိုကရေစီပန်းတိုင်အတွက် ခေါင်းရမ်းပြ၊ ငြင်းဆန် ခြိမ်းခြောက်မှုတွေကို အလျော့မပေးပဲ ကျော်ဖြတ်သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

ဦးနေဝင်း ခေါင်းဆောင်တဲ့ မဆလ တပါတီအာဏာရှင်ကို လူထုအားနဲ့ ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး နှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာခန်းမမှာ သြဂုတ် ၈ ရက် ဒီကနေ့မနက်က ကျင်းပရာမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

“ကျနော်တို့အားလုံးရဲ့ တောင်းဆိုမှုတွေကို ခေါင်းခါတဲ့ အငြင်းဝါကျတွေနဲ့ချည်း ကျနော်တို့ ကြုံခဲ့ရတာပါ။ ပြန်စဉ်းစားကြည့်ပါ၊ ကျောင်းထဲမှာ ကျောင်းသားတွေလှုပ်ရှားတယ်၊ လမ်းပေါ်မှာ ပြည်သူတွေ တောင်းဆိုတယ်၊ တခဲနက် တခဲနက် ဖြစ်လာတယ်။ အဲဒီအခြေအနေမျိုးမှာ အဲဒီအချိန်က လွှတ်တော် အဲဒီအချိန်က တခုတည်းသောပါတီက ဆုံးဖြတ်တဲ့အခါမှာ ငြင်းဆန်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ငြင်းဆန်ခဲ့တယ်။ အဲဒီတုန်းက လက်နက်ကိုင် အဖွဲ့အစည်းကလည်း တခုတည်းသော ပါတီဝင်အဖြစ် ကျနော်တို့ ပြည်သူလူထု တောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ငြင်းဆန်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူလူထုတွေက ငြင်းဆန်တိုင်း လက်မလျှော့ဘူး။ ခြိမ်းခြောက်တိုင်း နောက်မဆုတ်ဘူး။ ကျနော်တို့ ပြည်သူတွေ ထပ်တက်ခဲ့တယ်။”

ရှေ့ဆက်မယ့် ပန်းတိုင်တွေအတွက် အတားအဆီးတွေကို ဖြတ်ကျော်သွားမယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

“ဒီကနေ့ ဒီအချိန် နောက်ထပ်သွားတက်မယ့် ပန်းတိုင်သည်လည်း ခေါင်းရမ်းပြတာတွေ၊ ငြင်းဆန်တာတွေ၊ ဟင့်အင်းလုပ်တာတွေတော့ ရှိဦးမှာပဲ။ ကျနော်တို့ တကယ် အင်အားပြည့်လာတဲ့တနေ့၊ ကျနော်တို့အားလုံး ပြိုင်တူလှုပ်ရှားနိုင်မယ့်နေ့၊ ကျနော်တို့အားလုံး ဉာဏ်အမြော်အမြင်နဲ့ ပေါင်းစပ်နိုင်မယ့် နေ့ရောက်ရင် အဲဒီအတားအဆီးတွေ၊ အဲဒီဟင့်အင်းတွေကို ကျနော်တို့ ကျော်ဖြတ်နိုင်မှာပါ။”

ရှစ်လေးလုံး အရေးတော်ပုံကြီး နှစ် ၃၀ ပြည့်တဲ့အချိန် အခုရောက်နေတဲ့ နေရာကစပြီး  မျှော်မှန်းခဲ့တဲ့ နိုင်ငံတခုကို ခရီးဆက်ရကြဖို့ တဦးချင်း သင့်မြတ်ကြဖို့နဲ့ အဖွဲ့အစည်းတွေအားလုံး ညီညွတ်ကြဖို့လည်း ဦးမင်းကိုနိုင်က တိုက်တွန်းပါတယ်။

“သယံဇာတကျိန်စာမိနေတဲ့ နိုင်ငံဘဝကနေ လူသားအရင်းအမြစ်ကို တန်ဖိုးထားတဲ့နိုင်ငံ၊ ရုပ်ဝတ္ထုနဲ့ ဓနအင်အား ကြွယ်ဝမှုကိုသာ တွင်တွင်ပြောနေမယ့်အစား ကျင့်ဝတ်ကောင်းတွေနဲ့ ဂုဏ်သတင်း ကျယ်ပြန့်တဲ့နိုင်ငံ၊ အမိန့်အာဏာ တခုတည်းနဲ့ လူတွေကို စေခိုင်းနေမယ့်အစား အပြန်အလှန်ယုံကြည်မှုနဲ့ ဆွေးနွေးညှိနှိုင်းမှု၊ ပြည်သူ့ သဘောဆန္ဒတွေကို ဦးညွှတ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံ၊ လူမျိုးတွေကွဲပြားမှုကို ရေတွက်နေမယ့်အစား တာဝန်ခွဲခြားယူတတ်မှု၊ တာဝန်ခွဲခြားခံတတ်မှုအပေါ်မှာ ဂရုပြုတဲ့နိုင်ငံ၊ ထစ်ကနဲရှိရင် လက်နက်အားကိုးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အသိလောက်မဟုတ်ဘဲ ဉာဏ်ပညာ ဆင်ခြင်တုံတရား စာနာမှု တွေးခေါ်မြော်မြင်မှုနဲ့သာ ပြဿနာပေါင်းစုံကို ချည်းကပ် ဖြေရှင်းတတ်သော မျိုးဆက်တခုရဲ့နိုင်ငံ အဲဒီနိုင်ငံမျိုးရောက်အောင် ကျနော်တို့ ချီတက်ကြတဲ့နေရာမှာ ရှစ်လေးလုံးဆိုတာ အတိတ်သမိုင်းထဲမှာ အိပ်နေတာမဟုတ်ပါဘူး။ မျိုးဆက်အသီးသီးရဲ့ သွေးကြောတွေထဲမှာ စီးဝင်ပြီး ခုနက ကျနော်တို့ တောင့်တတဲ့၊ ကမ္ဘာက လေးစားဦးညွှတ်ရတဲ့  ကျနော်တို့ကိုယ်တိုင် သမိုင်းတခေတ်မှာ ခေါင်းမော့နိုင်မယ့် နိုင်ငံမျိုးအထိ သယ်ဆောင်သွားမယ့် ဝိညာဉ်ဖြစ်ပါတယ်။”

သြဂုတ် ၆ ရက်ကနေ ၈ ရက်ထိ ရန်ကုန်တက္ကသိုလ်မှာ သုံးရက်ကြာကျင်းပခဲ့တဲ့ ရှစ်လေးလုံး နှစ် ၃၀ ကာလ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲကနေ ရရှိတဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုသို့ အကြံပြုချက်တွေကို ထုတ်ပြန်သွားပါတယ်။

ဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့ကြတဲ့ အညတရ ရဟန်းရှင်လူ ပြည်သူတွေ ထောင်နဲ့ချီ ပါဝင်တက်ရောက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013