DVB Logo
Home
မြန်မာသတင်း
လုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်မတော်က မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေမှု ဦးကိုကိုကြီး ဝေဖန်
DVB
·
August 7, 2018
လုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်မတော်က မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေမှု ဦးကိုကိုကြီး ဝေဖန်
Donate to DVB

တပ်မတော်အနေနဲ့ လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတာကို အရပ်ဘက်အုပ်ချုပ်ရေးအောက်မှာတင် လုံခြုံရေးပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုတာ သက်သေပြဖို့လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ပြုလုပ်နေတဲ့ ရှစ်လေးလုံးအရေးတော်ပုံ နှစ်သုံးဆယ်ပြည့် အခမ်းအနား ဒုတိယမြောက်နေ့မှာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဦးကိုကိုကြီးက “စစ်တပ်က နိုင်ငံရေးထဲမှာ ပါလာတာက လုံခြုံရေး အကြောင်းပြချက်နဲ့ ပါလာတာ။ ပြည်ထောင်စုကြီး ပြိုကွဲတော့မယ်၊ ဒါကို လက်နှစ်လုံးလောက်အလိုမှာ ကယ်တင်လိုက်ရပါတယ် ဆိုပြီးတော့ အကြောင်းပြချက်နဲ့ ဖြစ်တာတဲ့အခါကျတော့ ကျနော်တို့က သူတို့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အကြောင်းပြချက်ကို ခင်ဗျားတို့ ပြောသလောက်ကြီး မဟုတ်ဘူး၊ နောက်တခုက ကျနော်တို့ ကိုယ်နှိုက်ကလည်း စိုးရိမ်ကြောင့်ကြမှုရှိတယ်။ တကယ်က အရပ်ဘက်အုပ်ချုပ်ရေး အောက်မှာတင် လုံခြုံရေးပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုတာကို ကျနော်တို့က သက်သေပြဖို့လိုတယ်။ တဖက်ကလည်း သမိုင်းကြောင်းအရ တည်ဆောက်ထားတဲ့ ၆၂ ခုနှစ် အာဏာသိမ်းတဲ့ ကိစ္စကြီးဟာ အာဏာမသိမ်းဘဲနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာကို ကျနော်တို့က သမိုင်းအထောက်အထားတွေနဲ့ ဖြေရှင်းတာကို ကြိုးစားဖို့လိုတယ်” လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် လေးပုံတပုံ ရယူထားတာကို ထောက်ပြီး ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်ဘူးလို့ ထောက်ပြနေကြတာပါ။

၂၁ ရာစု ပင်လုံညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပြည်ထောင်စု သဘောတူစာချုပ်တရပ် ရရှိရင် ၂၀၁၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မယ်လို့ အယူအဆ ရှိပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား တက်လာတဲ့ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကတော့ ပြည်ထောင်စု သဘောတူစာချုပ်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွယ်ကူစေလိမ့်မယ်လို့ ပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နှစ်သုံးဆယ်ပြည့် အခမ်းအနားကို သြဂုတ် ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဒီမိုကရေစီရေး နှစ်သုံးဆယ်ခရီး၊ တိုင်းရင်းသားများ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် ဆိုတဲ့ ခေါင်းစဉ်သုံးခုကို ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013