DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ဝေဟင်အောင်၏ ဟောပြောချက် အသံဖိုင်နှင့် တရားလိုထွက်ဆိုချက် ကွဲလွဲနေ
DVB
·
August 7, 2018
စာရေးဆရာ ဝေဟင်အောင်၏ ဟောပြောချက် အသံဖိုင်နှင့် တရားလိုထွက်ဆိုချက် ကွဲလွဲနေ
Donate to DVB

နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုနဲ့ တရားစွဲခံနေရတဲ့ စာရေးဆရာ ဝေဟင်အောင်ရဲ့ ဟောပြောချက် အသံဖိုင်ကို တရားရုံးမှာ ဖွင့်ပြစစ်ဆေးခဲ့ရာမှာ တရားလိုနဲ့ တရားလိုဘက်က တင်ပြထားတဲ့ ထွက်ဆိုချက်တွေနဲ့ မတူကွဲလွဲနေတယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

သြဂုတ် ၆ ရက်နေ့ ဒီအပတ် ရုံးချိန်းမှာတော့ စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောချက် အသံဖိုင်ကို တရားရုံးတော်မှာ စတင်ဖွင့်ပြခဲ့တာပါ။ ဒီလို မူရင်းတိပ်ခွေ ဖွင့်ပြတဲ့အခါမှာတော့ တရားလို၊ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ မတူ ကွဲပြားနေတာတွေ ရှိနေတယ်လို့ စာရေးဆရာ ဝေဟင်အောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ် အေးနုစိန်က ပြောပါတယ်။

“မတူဘဲနဲ့ ကွဲလွဲနေတာတွေ ရှိတယ်။ အဲဒီတော့ အသံဖိုင်ကို ဖွင့်ပြီးတော့ နားထောင်လိုက်၊ မြန်မာလို ပြန်လိုက်၊ အမှုတွဲမှာရှိနေတဲ့ မြန်မာလို ပြန်ထားတာတွေ တူ၊ မတူ စိစစ်လိုက်ဆိုတော့ ဒီကနေ့ ကျမတို့ စာမျက်နှာ ၇ မျက်နှာလောက်ပဲ မှတ်တမ်းတင်လို့ ပြီးခဲ့တယ်။”

ဟောပြောချက်ရဲ့ စလယ်ဆုံး သုံးပါးလုံး သုံးသပ်ပြီးမှ အဖြေမှန်ကို ထုတ်နိုင်မှာဖြစ်ပြီး ကိုယ်လိုရာ ဆွဲထုတ်ပြီး စွပ်စွဲတာမျိုးဟာ အမှန်တရားကို ဘယ်တော့မှ မရနိုင်ဘူးလို့လည်း ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“အရေးကြီးကိစ္စတွေမှာ မတူတာတွေ ရှိတယ်။ တခါ တခါ အရေးမကြီးတဲ့ ကိစ္စတွေမှာ တပိုဒ်လုံးလုံး ချန်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ကျမတို့ကတော့ တပိုဒ်လုံးကို ခြုံငုံသုံးသပ်ရမယ် ဖြစ်တဲ့အတွက် စုံစုံစေ့စေ့ ပြည့်ပြည့်စုံစုံ ပါစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟောပြောချက်ရဲ့ အကြောင်းအရာတွေဟာ စလယ်အဆုံး သုံးပါး ညီညွတ်စွာ သုံးသပ်ပြီးမှပဲ အဖြေမှန်ကို ထုတ်နိုင်မယ်။ ကိုယ် လိုတာလေးတွေ ဆွဲထုတ်ပြီးတော့ စွပ်စွဲတာမျိုးတွေ၊ ကောက်ချက်ထုတ်တာတွေဟာ ဘယ်တော့မှ အမှန်တရားတွေ မရနိုင်ဘူး”လို့ ပါတယ်။

အမှုတွဲမှာ စာရေးဆရာဝေဟင်အောင် ဟောပြောချက်တွေဟာ A4 စာမျက်နှာ ၁၂ ရွက် ပါဝင်ပြီး ဒီအပတ်ရုံးမှာ အသံဖိုင် စစ်ဆေးတဲ့အခါမှာတော့ စာမျက်နှာ ၇ မျက်နှာသာ စစ်ဆေးပြီးစီးနိုင်ခဲ့တာပါ။ လာမယ့် သြဂုတ် ၁၃ ရက် ရုံးချိန်းမှာ ကျန်ရှိနေတဲ့ စာရေးဆရာ ဝေဟင်အောင်ရဲ့ အသံဖိုင်ကို စစ်ဆေးပြီးမှ ဒေါက်တာအေးမောင်ရဲ့ အသံဖိုင်ကိုပါ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောချက် အသံဖိုင်က စစ်ဆေးမှုတွေ အပြီးမှာတော့ စွပ်စွဲခံထားရတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှုရှိ၊ မရှိ စွဲချက်တင်သင့်၊ မတင်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟော ပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီး တရားစွဲထားတာ ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013