မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူတွေနဲ့ ပြည်သူ့ကိုယ်စားပြု အဖွဲ့တွေ မပါဝင်ရင် ငြိမ်းချမ်းရေးအစစ်အမှန် ရရှိမှာ မဟုတ်ဘူးလို့ ကရင်လူထုအခြေပြုအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။
မကြာသေးခင်က နော်ဝေးနဲ့မြန်မာအစိုးရတို့ ပူးပေါင်းပြီး မြန်မာ့ငြိမ်းချမ်းရေး ပဏာမ ကူညီပံ့ပို့ရေးအဖွဲ့ (MPSI) ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပေမယ့် ဒေသခံကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာ မရှိသလို လူထုသိအောင် ချပြတာ မရှိတဲ့အပေါ် ကရင်လူထုအခြေပြုအဖွဲ့အစည်းတွေက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
ကရင်အမျိုးသမီးအဖွဲ့ရဲ့ အတွင်းရေးမှူး နန်းဒါးအယ်ကလယ်က “သူတို့ သွားနေတဲ့ ငြိမ်းချမ်းရေးကောင်စီလမ်းကြောင်းက တကယ်တမ်းကျတော့ အကုန်လုံးက တာဝန်ယူမှု ရှိနေရမယ်။ လူထုတွေကလည်းပဲ ဘာမှ မရဘူး။ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာ ဘယ်ကနေ ဘယ်လို စရမလဲ။ အဲဒီလုပ်ငန်းစဉ်ကို ကျမတို့လူထုကို လာပြီး ရှင်းပြတာ မရှိဘူး။ ဆွေးနွေးတာ မရှိဘူး။ ဒီလုပ်ငန်းစဉ်ကိုလည်း ကျမတို့ အားလုံးက သိနေရမယ်။ ကျမတို့တွေရဲ့ ပူးပေါင်းပါဝင်မှု ရှိနေရမယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုရင် အားလုံးအနေနဲ့ သက်ဆိုင်တယ်။ ဒီငြိမ်းချမ်းရေးရဖို့ဆိုတာ ကျမတို့အားလုံးရဲ့ ပူးပေါင်းပါဝင်မှု မရှိဘဲ တကယ်ငြိမ်းချမ်းရေး အစစ်အမှန်ရဖို့ ခက်လိမ့်မယ်” လို့ ပြောပါတယ်။
လူထုအခြေပြုအဖွဲ့စည်းတွေ ပါဝင်ပတ်သက်မှုမရှိဘဲ လုပ်တဲ့ လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ဖို့၊ ငြိမ်းချမ်းလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူထုနားလည်တဲ့ ဘာသာစကားနဲ့ ဖြန့်ဝေပေးဖို့ အပါအ၀င် အချက် ၅ ချက်ကိုလည်း ကရင်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
နန်းဒါးအယ်ကလယ်က “ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပွင့်လင်းမြင်သာမှု ရှိရမယ်။ အာမခံချက်ရှိရမယ်။ တကယ် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်တဲ့ အာမခံချက်ရှိနိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ရမယ်။ နောက်ပြီးတော့ ကျမတို့တွေကလည်း များသောအားဖြင့်က သူတို့လုပ်ငန်းစဉ်တွေ စာရွက်ပေါ်တင်လိုက်တယ်။ ကျမတို့တွေက အင်္ဂလိပ်လို ဖတ်ဖို့က အခက်အခဲရှိတယ်။ ဒါကို ဒေသခံတွေ နားလည်နိုင်တဲ့ ဘာသာစကားနဲ့ လုပ်ပေးရမယ်။ နောက်ပြီးတော့ အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်သူတွေပါလဲ၊ ဘယ်သူတွေကနေ စပြီးတော့ လုပ်နေလဲဆိုတာလည်း ကျမတို့ မသိဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွားနေတဲ့ အခါမှာ ပြန်ပြီးတော့ review လုပ်စေချင်တယ်။ ပြန် review လုပ်တဲ့အခါမှာ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆွေးနွေးတိုင်ပင်ဖို့ ကျမတို့က တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။
ကရင်လူမှုအခြေပြုအဖွဲ့တွေဟာ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးရေး၊ လူ့အခွင့်အရေးနဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ သဘာဝပတ်ဝင်းကျင် ကာကွယ်ရေး အဖွဲ့ အပါအ၀င် အဖွဲ့ပေါင်း ၁၀ ကျော်နဲ့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။
အလားတူ ရှမ်းလူထုအခြေပြုလူ့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်
အဆင့်တိုင်းမှာ ပါဝင်ခွင့်ပေးဖို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မကြာသေးခင်က အစည်းအဝေးကျင်းပပြီး တောင်းဆိုခဲ့ပါတယ်။











