DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ရေပြန်ကျ၊ ကယ်ဆယ်ရေးစခန်းများ ပိတ်၍ ကျောင်းများပြန်ဖွင့်
DVB
·
August 7, 2018
ကရင်ပြည်နယ်တွင် ရေပြန်ကျ၊ ကယ်ဆယ်ရေးစခန်းများ ပိတ်၍ ကျောင်းများပြန်ဖွင့်
Donate to DVB

ကရင်ပြည်နယ်ထဲမှာ အခုရက်ပိုင်းတွေမှာတော့ ရေတွေ ပြန်ကျသွားပြီဖြစ်တဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်းတချို့ ပိတ်သိမ်းပြီး ဒေသခံတွေ အိမ်ပြန်နေကြသလို ယာယီပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ကစလို့ မိုးသည်းထန်စွာရွာပြီး မြစ်ချောင်းတွေ ရေကြီးတဲ့အတွက် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ဖာပွန်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ပေါ်မှာ ရေအနည်းငယ် ပြန်ကျသွားပြီဖြစ်လို့ ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေထဲက ၄ ခု ပိတ်သိမ်းပြီး ၇ ခုတော့ ကျန်ရှိနေဆဲပဲလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။ ပိတ်ထားခဲ့ရတဲ့ ကျောင်းတွေလည်း အခုရက်ပိုင်း ပြန်ဖွင့်နိုင်မယ်လို့လည်း ဆိုပါတယ်။

တမြို့လုံးလိုလို ရေနစ်မြုပ်သွားခဲ့တဲ့ လှိုင်းဘွဲ့မြို့နယ်မှာလည်း ရေပြန်ကျသွားပြီဖြစ်လို့ မြို့ပေါ် ကယ်ဆယ်ရေးစခန်းအားလုံး ပိတ်သိမ်းခဲ့ပြီး သြဂုတ် ၅ ရက်နေ့ကစလို့ ကျောင်းတွေ ပြန်လည်ဖွင့်နေပြီလို့ လှိုင်းဘွဲ့လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ပြောပါတယ်။ မြို့ပေါ်မှာ ရေကျနေပေမယ့် လှိုင်းဘွဲ့မြို့ အောက်ပိုင်းမှာရှိနေတဲ့ ကျေးရွာတချို့ ရေတွေနစ်မြုပ်နေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“မြို့ပေါ်တော့ ကျနော်တို့ လှိုင်းဘွဲ့ချောင်း အနေအထားနဲ့ဆိုရင် ကျနော်တို့မြို့ပေါ်က ရေကျသွားလို့ရှိရင် အောက်ဘက်ကရွာတွေ၊ ရေတောက်လျှောက်ဆင်းသွားတဲ့ ရေနည်းနည်းလေးတော့ ကျန်သေးတယ်။ သွားရေးလာရေးတော့ ခက်ခဲတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးပစ္စည်းတွေတော့ ဘုန်းကြီးကျောင်းတွေမှာ သူတို့ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတော့ အဲဒီမှာ ပို့တယ်လေ။”

ကမမောင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ သံလွင်မြစ်ရေ ကျသွားပြီဖြစ်လို့ သြဂုတ် ၅ ရက်နေ့ ညနေပိုင်းမှာ ရေဘေးကယ်ဆယ်ရေး စခန်းအားလုံး ပိတ်သိမ်းခဲ့ပြီး ၆ ရက်နေ့မှာတော့ ကျောင်းတွေ ပြန်ဖွင့်နိုင်ပြီလို့ ကမမောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာက ပြောပါတယ်။

ကော့ကရိတ်မြို့မှာတော့ မြို့ပေါ် ရေဘေးကယ်ဆယ်ရေးစခန်းတွေ မရှိပေမယ့် ကျေးရွာတွေက နယ်မြေတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ခံ မန်းသိန်းဇော်က ပြောပါတယ်။

ဖာပွန်မြို့မှာတော့ ရေပြန်ကျသွားပြီဖြစ်ပေမယ့် မနေ့ကမှ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာပြီး လယ်တွေ အတော်များများ ရေမြုပ်ပျက်စီးခဲ့တယ်လို့ ဖာပွန်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ဦးစောဇော်ဝင်းက ပြောပါတယ်။

ဒေသခံရွာသားတွေဘက်က လယ်မြေပျက်စီးပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တင်ပြမှုတွေရှိပေမယ့် ဧကဘယ်လောက်လဲ ဆိုတာကိုတော့ အတိအကျသိရဖို့ စာရင်းကောက်နေဆဲပဲလို့ ပြောပါတယ်။

ကရင်ပြည်နယ်တခုလုံးမှာ မိုးများပြီး တောင်ကျရေတွေ စီးဆင်းကာ မြစ်ရေချောင်းရေတွေ စိုရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိခဲ့လို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး  လမ်း/တံတားတွေ ရေကျော်တာ၊ ထိခိုက်ပျက်စီးတာတွေကြောင့် စုစုပေါင်း တန်ဖိုး ကျပ် ၁၄၅၂ ဒသမ ၅၁၁ သန်းခန့် ဆုံးရှုံးခဲ့တယ်လို့ အစိုးရပိုင်သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ- MSWRR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013