
မကွေးတိုင်းဒေသကြီး၊ သရက်မြို့အကျဉ်းထောင်မှာ သြဂုတ် ၅ ရက် မနက်ပိုင်းက ထောင်ဝန်ထမ်း တပ်ကြပ်ကြီးတဦးကို ထောင်ကျအကျဉ်းသားတဦးက ကြက်သွန်းလှီးဓားနဲ့ ထိုးခဲ့လို့ ထောင်ဝန်ထမ်း သေဆုံးသွားတယ်လို့ သရက်မြို့မ ရဲစခန်းကနေ စုံစမ်းသိရပါတယ်။
အကျဉ်းထောင်တွင်း အမှတ် (၃) အဆောင်၊ အခန်း (၂) မှာ နေတဲ့ ထောင်ကျအကျဉ်းသား ဝဏ္ဏဖြိုးက အိပ်ဆောင်အမှတ် (၁) ကို ကူးဖို့အလာ မိန်းဂျေး တာဝန်ကျ တပ်ကြပ်ကြီးလှအောင်က အဆောင်မကူးဖို့ ကျောကုန်းပုတ် ပြောဆိုတာကို အငြိုးထားပြီး အမှတ် (၁) အိပ်ဆောင် အပေါ်ထပ်က ဆင်းလာတဲ့ ထောင်ဝန်ထမ်းကို လှေကားထိပ်မှာ ဓားနဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသွားတဲ့ ထောင်ဝန်ထမ်း တပ်ကြပ်ကြီးလှအောင်ကို သရက်ခရိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းသား ဝဏ္ဏဖြိုးဟာ အောင်လံမြို့နယ်မှာ ခိုးမှုတွေနဲ့ ပြစ်ဒဏ် ၆ နှစ်ခွဲကျခံနေရတာ ဖြစ်ပြီး ပြစ်ဒဏ်ကျခံဖို့ ၃ နှစ် ၁၁ လ ကျန်ရှိချိန်မှာ ထောင်အတွင်း လူသတ်မှု ထပ်မံကျူးလွန်တာ ဖြစ်ပါတယ်။
သူ့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုဖို့ အမှုစစ်စခန်းမှူး ဒုရဲမှူး ရန်နိုင်ထွန်းက လက်ခံ စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း - ဘဦး











