DVB Logo
Home
နိုင်ငံရေး
လွိုင်ကော်မြို့တွင် ကေအန်ပီပီ ဆက်ဆံရေးရုံး ဖွင့်လှစ်
DVB
·
July 25, 2012
လွိုင်ကော်မြို့တွင် ကေအန်ပီပီ ဆက်ဆံရေးရုံး ဖွင့်လှစ်
1 / 2
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရတို့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် ပထမဦးဆုံး ဆက်ဆံရေးကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့ ဖွင့်လိုက်လိုက်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ရဲ့ ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါအူခူ ရပ်ကွက်မှာ ဒီမနက် ၈ နာရီမှာ  ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက်မှာ လက်ရှိ အစိုးရနဲ့ သဘောတူထားတဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပိုမိုခိုင်မာအောင် ပူးတွဲလုပ်ဆောင်သွားမယ်လို့  လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ  ခူးဒယ်နီယာက ပြောပါတယ်။

“ကျနော်တို့ ရုံးဖွင့်ပြီဆိုတော့ ဆွေးနွေးထားတဲ့အချက် ၂၀ အပေါ်မှာပဲ လုပ်ငန်းတွေ ဆက်လုပ်မှာပေါ့။ ဥပမာ တချို့ သတ်မှတ်ထားတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပဲ ဖြစ်ဖြစ်၊ လူမှုရေးပိုင်းဆိုင်ရာ ကိစ္စတွေပဲဖြစ်ဖြစ် တိုးတက်မှုရှိအောင်၊ ခိုင်မာမှုရှိအောင် ရှေ့လုပ်ငန်းစဉ်အနေနဲ့ အများကြီး ရှိပါတယ်။ အစိုးရနဲ့ တရားဝင် ဆက်သွယ်ပြောဆိုလို့ရပြီ။ လူထုတွေကလည်း တင်ပြချင်တာတွေကို တရားဝင် တင်ပြလို့ရပြီပေါ့။”

ဒီရုံးဖွင့်ပွဲအခမ်းအနားကို ကေအန်ပီပီဘက်က ဗဟိုကော်မီဝင် ၇ ဦး၊ အစိုးရဘက်က ကယားပြည်နယ် ၀န်ကြီးချုပ်​ ဦးခင်မောင်ဦးနဲ့ ဌာနဆိုင်ရာဝန်ကြီးတချို့အပါအ၀င် လူဦးရေ ၂၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ရှားတော၊ ဖားဆောင်းမြို့နယ်တွေမှာလည်း မကြာခင် ဆက်ဆံရေးရုံးတွေ ဆက်ဖွင့်ဖို့ရှိတယ်လို့ ခူးဒယ်နီယာက ပြောပါတယ်။

ကေအန်ပီပီနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က  ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေးအပါအ၀င် သဘောတူညီမှုတွေရရှိထားတာပါ။

သဘောတူညီချက်တွေထဲမှာ လက်မှတ်ရေးထိုးပြီးနောက် ၆ လအတွင်း တတိုင်းပြည်လုံး အသွင်ဆောင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးအကောင်အထည်ဖော်ရေး၊ ကရင်နီပြည်တွင်း အကောင်အထည်ဖော်နေတဲ့ စီမံကိန်းနဲ့ ပြုပြင်မွန်းမံမှုတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မပြီးပြတ်သေးတဲ့ ကာလမှာဆိုင်းငံ့ထားဖို့၊ လက်ရှိကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့တွေကို ဆက်လက် လုပ်ဆောင်ခွင့်ပေးဖို့ စတဲ့အချက် ၂၀ ကို တောင်းခဲ့ပြီး အချက် ၁၄ ချက် အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013