DVB Logo
Home
မြန်မာသတင်း
မြန်မာ ရေဘေး ဂျပန် ကူညီလှူဒါန်းမည်
DVB
·
August 7, 2018
မြန်မာ ရေဘေး ဂျပန် ကူညီလှူဒါန်းမည်
Donate to DVB

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် ဂျပန်နိုင်ငံက ရေတိုင်ကီတွေနဲ့ ရွက်ဖျင်တဲတွေ ကူညီပံ့ပိုး လှူဒါန်းမယ်လို့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၆ ရက်က နေပြည်တော်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်နဲ့ရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီတွေ့ဆုံဆွေးနွေးရာမှာ မြန်မာရေဘေးအတွက် အကူအညီပေးမယ့်အကြောင်း ပြောကြားခဲ့တာပါ။

သမ္မတဦးဝင်းမြင့်နဲ့ တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီး ရေလျှံမှုတွေအတွက် အကူအညီတွေပေးအပ်ရေး၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံဒီမို ကရေစီဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရခိုင်ပြည်နယ်အရေး ကိစ္စတွေ ဆွေးနွေးကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက “မြန်မာနိုင်ငံ နေရာတော်တော်များမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုနဲ့ ပတ်သက်ပြီး ဒုက္ခတွေ ခံစားနေရတဲ့ ပြည်သူပြည်သားတွေကို စာနာမိပါကြောင်း ပြောကြားလိုပါတယ်။ ဂျပန်အစိုးရအနေနဲ့ ရေတိုင်ကီနဲ့ ရွက်ဖျင်တဲတွေ ပေးအပ်ဖို့ ချဉ်းကပ်ခဲ့ပါတယ်။ နေထိုင်မှုဘဝတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆုတောင်းအပ်ပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်မီးကဏ္ဍတွေမှာ မြန်မာ ပြည်သူတွေရဲ့ နေထိုင်မှုဘ၀ အဆင့်မြှင့်တင်သွားဖို့ လက်တွေ့ခံစားနိုင်အောင် ကူညီ ထောက်ပံ့သွားမယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးလည်း မြန်မာအစိုးရရဲ့ အခုတလော ဆောင်ရွက်ချက်ဖြစ်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းမှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ MoU လက်မှတ်ရေးထိုးခဲ့တာကို ဂျပန်အစိုးရအနေနဲ့ တန်ဖိုးထားပါတယ်။ မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံက ယုံကြည်နိုင်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နိုင်ဖို့၊ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို တိုက်တွန်းတယ်၊ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး နေရာ ဖန်တီးပေးဖို့နဲ့  ပြည်တွင်း ဒုက္ခသည်စခန်း IDP စခန်းတွေ ပိတ်သိမ်းဖို့လည်း ပြောကြားခဲ့ ပါတယ်။

အခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ  မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပသွားဖို့ရှိတဲ့အတွက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲခေါင်- ဂျပန်ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့လည်း ဂျပန် အစိုးရက ဖိတ်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အောက်တိုဘာလမှာ ဂျပန်နိုင်ငံကို နောက်ထပ် သွားလည်ဖို့ အခွင့်အရေးရတဲ့ အတွက်လည်း ၀မ်းသာပါတယ်။ အဲဒီအတွက် ဂျပန်နိုင်ငံကို သွားလည်တဲ့အခါ နှစ်နိုင်ငံရဲ့ မိတ်ဆွေ ဖြစ်ရေးကို ထပ်ပြီးတော့ ခိုင်မာအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံကပေးတဲ့ အကူအညီတွေအတွက် ကျေးဇူးတင်တယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့အတိုင်း မကြာခင်က ကျမတို့နိုင်ငံမှာ ရေကြီးမှုတွေ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ရေကြီးမှုတွေ ဖြစ်ပါတယ်။ ကျမတို့က ဖွံ့ဖြိုးစနိုင်ငံ၊ ဂျပန်နိုင်ငံကတော့ ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတနိုင်ငံ ဖြစ်ပေမယ့် နှစ်နိုင်ငံစလုံးဟာ သဘာဝဘေးအန္တရာယ်တွေ၊ လူတို့နဲ့ပတ်သက်တဲ့ အန္တရာယ်တွေဆိုရင် ရင်ဆိုင်ရတာချင်းဟာ စိန်ခေါ်မှု အတူတူပဲလို့ ဆိုတာကို ကျမတို့ တွေ့ရတဲ့အတွက် ပိုပြီးတော့ နီးစပ်မှုဖြစ်ရပါတယ်။ ကျမတို့ရဲ့ ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံကပေးတဲ့ အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ကတော့ စေတနာတွေပဲ ပေးနိုင်ပါတယ် ဆိုရင်လည်း စေတနာတွေ အများကြီးပေးပါတယ်။”

ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေါက်တာ ကိုဖီအာနန် ကော်မရှင်က  အကြံပြုချက် အချက်ပေါင်း ၈၈ ချက် အဆိုပြုထားတဲ့အထဲ ၈၁ ချက် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်လို့ ပြီးသွားပြီဖြစ်ပြီး ကျန်တဲ့ ၆ ချက်၊ ၇ ချက်က ရေရှည်ကိစ္စတွေမို့ တလှမ်းချင်း လုပ်ရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လတ်တလော ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း လုပ်ပိုင်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပေးထားမှာ ဖြစ်တယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကလည်း အရည်အချင်း ပြည့်စုံသူတွေ ဖြစ်တယ်။ ဂျပန်နိုင်ငံရော၊ တခြား မိတ်ဆွေနိုင်ငံတွေကပါ လိုအပ်ရင်  နည်းပညာပိုင်းဆိုင်ရာ အထောက်အကူတွေ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဂျပန်နဲ့ ဖိလစ်ပိုင်သံအမတ်ကြီးတွေ ပါဝင်တဲ့ ၄ ဦး ပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို  မြန်မာအစိုးရက ဇူလိုင် ၃၀ ရက်က ဖွဲ့စည်းထားပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013