DVB Logo
Home
မြန်မာသတင်း
ဝပ်ဆိုင်မွန်းကျောင်း မြန်မာဘုန်းကြီး ကျောင်းဆက်ထိုင်ခွင့်ရပြီ
DVB
·
July 25, 2012
ဝပ်ဆိုင်မွန်းကျောင်း မြန်မာဘုန်းကြီး ကျောင်းဆက်ထိုင်ခွင့်ရပြီ
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဘုရင့်နောင် တည်ခဲ့တဲ့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းတော်ကြီးကျောင်းကို မြန်မာကျောင်းထိုင် ဆက်လက်ထားရှိပေးဖို့ မြန်မာသမ္မတရဲ့ တောင်းဆိုချက်ကို ထိုင်းအစိုးရဘက်က လိုက်လျောလိုက်ပါတယ်။

ဒီနေ့ မနက် ၁၁ နာရီမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကောင်စစ်ဝန် ဗိုလ်မှူးနိုင်ထွန်းနဲ့ တယ်လီဖုန်း ဆက်သွယ်မေးမြန်းရာမှာ သိခဲ့ရတာလို့ မြန်မာကျောင်းထိုင်ထားရှိရေး ဦးစီးကြိုးပမ်းသူ တဦးဖြစ်တဲ့ မမီးမီးက ပြောပါတယ်။

“ဗိုလ်မှူးနိုင်ထွန်းပြောတာက ၀ပ်ဆိုင်မွန်းဘုန်းကြီးကျောင်းနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ကို မြန်မာကျောင်းထိုင်ပဲ ဆက်လက်ထားခွင့်ပေးပါရန်ဆိုပြီး တင်ပြလိုက်တယ်။ ထိုင်းဝန်ကြီးချုပ်ကနေပြီးတော့ ခွင့်ပြုတယ်၊ လုပ်ပေးမယ်လို့ ကတိပေးသွားတယ်တဲ့။ ဒါ ကျမတို့အတွက် သတင်းကောင်းတခုပဲနော်။”

မနေ့ကတည်းက ဒီသတင်းစကားကို တဆင့်ကြားလို့ ဆက်သွယ်ပေမယ့် သံဝန်ထမ်းတွေ မအားတာကြောင့် ဒီနေ့ကျမှ အတည်ပြုချက်ရတာလို့ မမီးမီးက ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဇူလိုင် ၂၂ ရက်ကစတဲ့ ၃ ရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်းမှာ သဘောတူညီချက် ဖြစ်သလို ထားဝယ်ရေနက်စီမံကိန်း ကိစ္စနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးမှာ ထိုင်းအကူအညီပေးရေးကိစ္စတွေ ထိုင်းအစိုးရနဲ့ သဘောတူခဲ့ပါတယ်။

ဘုန်းကြီးကျောင်းကိစ္စ ထပ်ဆင့်အတည်ပြုနိုင်ဖို့နဲ့ ကျောင်းထိုင်ဆရာတော် ရွေးချယ်ရေးကိစ္စ အသေးစိတ်ကိုတော့ မြန်မာသံအရာရှိတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားလို့မရသေးပါဘူး။

အဲဒီကျောင်းရဲ့ လက်ရှိယာယီကျောင်းထိုင်ဆရာတော် အရှင် ပဏ္ဍိတက ဒီလိုအောင်မြင်မှုဟာ မြန်မာအစိုးရနဲ့ ဒကာ၊ ဒကာမတွေရဲ့ ကြိုးပမ်းအားထုတ်မှုရလဒ် ဖြစ်တယ်လို့ မိန့်ကြားပါတယ်။

“သမ္မတကိုယ်တိုင် နှစ်နိုင်ငံ ချစ်ကြည်ရေး လုပ်ပြီး ဦးဇင်းတို့ မြန်မာဝပ်ဆိုင်းမွန်ကျောင်းကို ငြိမ်းချမ်းရေးသဘောမျိုး၊ ချစ်ကြည်ရေး သဘောမျိုးနဲ့ ထားလိုက်ပြီဆိုတော့ ချင်းမိုင်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ အတွက်ကို အတိုင်းအဆမရှိ ၀မ်းသာရပါတယ်။ သူတို့မှာ အားကိုးအားထားရာ ဆိုလို့ သာရေးနာရေးမှာ ဒီကျောင်းလေး တကျောင်းပဲ ရှိတာပါ။ မြန်မာဝပ်ဆိုင်းမွန် ကျောင်းဟာ သူတို့အတွက် နားခိုရာ အားထားရာ နေရာဖြစ်တဲ့အတွက် အတိုင်းအဆမရှိ ၀မ်းသာနေကြပါတယ်။”

ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးဇင်း ဦးဝီရိယစာရက အခုလို အောင်မြင်မှုဟာ သမိုင်းယဉ်ကျေးမှုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းခွင့် ရလိုက်တာလို့ မိန့်ပါတယ်။

“ကိုယ့်ရဲ့ ရိုးရာ၊ ယဉ်ကျေးမှုတွေ ကျောင်းမှာရှိတယ်။ ဘုရင့်နောင်တည်သွားတယ်ဆိုသော်လည်းပဲ ဘုရင့်နောင်ရဲ့အမွေအနှစ်တွေလည်းပဲ လက်ညှိုးထိုးပြလို့ ရပါတယ်။ ကျောင်းမြေပေါ့။ အောင်မြေလို့လည်း ပြောလို့ရတယ် ဒကာကြီး။ အခုလို ကြားရတာ ၀မ်းသာတယ်။”

ကျောင်းမှာ ထိုင်းသံဃာကို ကျောင်းထိုင်တင်မြှောက်လို့ မြန်မာဒကာတွေနဲ့ အခြေအတင် ဖြစ်ခဲ့ပြီးတဲ့နောက် ဇူလိုင် ၁၇ ရက်နေ့မှာ ၀ပ်ဆိုင်မွန်းကျောင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့အတူ ဦးနိုင်ထွန်းလည်း လိုက်ပါလာပြီး ဆွေးနွေးခဲ့ပါတယ်။

မြန်မာသံအဖွဲ့က ထိုင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်သလို သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်အတွင်း ထိုင်းအစိုးရနဲ့ ဆွေးနွေးဖို့ တင်ပြမယ်လို့ ကတိပြုခဲ့ပါတယ်။

ဝပ်ဆိုင်မွန်းကျောင်းဟာ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး ချင်းမိုင်ကို သိမ်းပိုက်စဉ်က တည်ထားကိုးကွယ်ခဲ့တဲ့ကျောင်းဖြစ်ပြီး နှစ်ပေါင်း ၄၅၀ ကျော်ခန့်က မြန်မာဗိသုကာလက်ရာတွေ တည်ရှိနေပါတယ်။ ကျောင်းဝင်းထဲမှာ စေတီတော်နှစ်ဆူကိုပါ တည်ထားပါတယ်။ မြန်မာကျောင်းထိုင်ဆရာတော်ပေါင်း ၁၀ ဆက် ပြောင်းလဲခဲ့ပြီး နောက်ဆုံးကျောင်းထိုင်ပျံလွန်တော်မူပြီးနောက် ထိုင်းနိုင်ငံက သိမ်းယူဖို့ ပြင်ဆင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013