DVB Logo
Home
မေးမြန်းခန်း
စားသုံးသူတွေကို အကာကွယ်ပေးဖို့  အရေးတကြီး လိုအပ်နေပြီ
DVB
·
July 25, 2012
စားသုံးသူတွေကို အကာကွယ်ပေးဖို့  အရေးတကြီး လိုအပ်နေပြီ
Donate to DVB

မြန်မာနိုင်ငံအနှံ့ ဈေးကွက်တွေထဲမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ စားသောက်ကုန်ပစ္စည်းတွေ ပျံ့နှံ့ ရောက်ရှိနေပါတယ်။ ဒါ့ကြောင့် စားသုံးသူတွေအနေနဲ့ ဘေးကင်းလုံခြုံစိတ်ချစွာ ၀ယ်ယူသုံးစွဲနိုင်ရေး အကာအကွယ်ပေးနိုင်ဖို့  စားသုံးသူများ အကာအကွယ်ပေးရေး အဖွဲ့ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွဲ့စည်းဖို့ စီစဉ်နေကြပါတယ်။

[caption id="attachment_28392" align="alignleft" width="300" caption="ဦးဗအုပ်ခိုင်"][/caption]

ဒီအဖွဲ့ ပေါ်ပေါက်လာဖို့အရေး ဦးဆောင်ကြိုးပမ်းနေတဲ့ ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်း ဥက္ကဋ္ဌ - စာရေးဆရာ ဦးဗအုပ်ခိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဆရာတို့တွေ စုပေါင်းပြီးတော့ စားသုံးသူများအကာအကွယ်ပေးရေးအဖွဲ့ဆိုပြီး ပြင်ဆင်နေတယ်လို့ သိရတယ်လေ။ ပြင်ဆင်နေတာ အဖွဲ့ဖြစ်လာဖို့ ဘယ်လောက် အလားအလာရှိနေပြီလဲ။

“အောင်မြင်မှုရှိပါတယ်။ အစိုးရမီဒီယာပိုင်းကလည်း သတင်းစာရော၊ ဒီနေ့ဆို MRTV-4 က လွှင့်သွားတယ်။ ကျနော်တို့ဆီမှာ တော်တော်များများ ဓာတုဗေဒပညာရှင်တွေရော၊ ပြည်သူလူထုရော ပူးပေါင်းပြီးတော့ ပါဝင်လာတာတွေ့တယ်။ အသင်းဝင်ဖို့ အဆိုတင်လာတာလည်း တွေ့ရတယ်။ ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့ စဉ်းစားထားတယ်။ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ အဖွဲ့ခွဲတွေထားပြီးတော့ ကိုယ့်မြို့နယ်မှာရှိတဲ့ ၀င်ပေါက်တွေ၊ ဈေးတွေမှာ စောင့်ကြည့်ပြီးတော့ မသင်္ကာတာနဲ့ ဓာတ်ခွဲစစ်ဆေးမယ်။ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေထိ ထောင်ဖို့ စဉ်းစားထားပါတယ်။ အခုက တနိုင်ငံလုံးအတိုင်းအတာလိုတယ်၊ တခြားမြို့နယ်တွေအတွက်လည်းလိုတော့ ဩဂုတ်လထဲမှာ အပြီးဖွဲ့မယ်၊ မှတ်ပုံတင်ပြီးတာနဲ့ လုပ်ငန်းတွေ စလုပ်မှာပါ။”

အဓိက ဒီအဖွဲ့မှာ ဘယ်သူတွေက ဦးဆောင်သွားမလဲခင်ဗျ။

“အခုက ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်းက ကျနော်က စာရေးဆရာ တယောက်အနေနဲ့ လုပ်နေတယ်။ နောက် ဒီထဲမှာ ပညာရှင်တွေ ပါလာပါတယ်။ ဥပဒေပညာရှင်၊ ဆရာဝန်တွေ၊ ဓာတုဗေဒပညာရှင်တွေ၊ အော်ဂဲနစ် စိုက်ပျိုးရေး ပညာရှင်တွေ ပါတယ်။ အားလုံးက သူ့တာဝန်နဲ့သူ လုပ်သွားမှာပါ။”

မြန်မာနိုင်ငံမှာ စားသုံးသူများ ကာကွယ်ရေးအဖွဲ့ ဘာကြောင့်ဖွဲ့စည်းသင့်တယ်လို့၊ လိုအပ်နေပြီလို့ ထင်ပါလဲ။

“ဒါက အခု လောလောဆယ်ကို မြန်မာနိုင်ငံမှာ အရေးတကြီးလိုအပ်နေပါပြီ။ ဘာလို့လဲဆိုတော့ အခု ဈေးကွက်ထဲမှာ တွေ့နေရတဲ့ အစားအသောက်တွေက အရည်အသွေးမမီတာရယ်၊ ဓာတုဆိုးဆေးတွေ၊ ဓာတုပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတာ တွေ့ရတယ်။ အဲအကျိုးဆက်တွေက ဘာတွေဖြစ်နေလဲဆိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ စစ်ဆေးတွေ့ရှိချက် ဟိုတလောက ထုတ်ပြန်ထားတာရှိတယ်။ ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံမှာ ကျနော်တို့ နိုင်ငံပါနေတယ်။ နံပါတ် ၁၊ ၂ မှာပါနေတယ်။ ကျနော်တို့ တွေ့ရှိချက် သုတေသနပြုချက်အရ ကင်ဆာပေါင်းစုံ ကျနော်တို့ နိုင်ငံမှာ တော်တော်ဖြစ်နေပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ အဓိက အစားအသောက်တွေကြောင့် ဖြစ်တာတွေ့ရတယ်။ ဒါကို တားဆီးဖို့အတွက် စားသုံးသူတွေ၊ ဘေးကင်းစိတ်ချလုံခြုံတဲ့ အစားအသောက်တွေကို ပြည်သူလူထုစားသုံးနိုင်ရေးအတွက် ဒီလိုအဖွဲ့အစည်းတခုက အန်ဂျီအိုတခု အရေးတကြီးလိုအပ်တဲ့အတွက် ကျနော်တို့ ဖွဲ့ဖြစ်တာပါ။”

စားသုံးသူတွေကို ဘယ်လိုမျိုး အကာအကွယ်ပေးသွားမယ်လို့ မျှော်မှန်းလဲခင်ဗျ။

“ကျနော်တို့က စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ တိုက်ရိုက်တွေ့ပြီးတော့ ပညာပေးမယ်။ နောက်ပြီး ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အန္တာရာယ်ဖြစ်စေမယ့် အစားအသောက်တွေနဲ့ ပတ်သက်လို့ မသင်္ကာရင် စစ်ဆေးပြီး သတိပေးပြီးတော့ ချက်ချင်း မီဒီယာမှာ သတင်းထုတ်ပြန်မယ်။ အန္တရာယ်ရှိတယ် မစားသောက်သင့်ဘူး ဆိုတာတွေကို စစ်ဆေး တွေ့ရှိရင်ပေါ့။ နောက်တခုက သတိပေးတဲ့အဆင့်မှ မလုံလောက်ဘူးဆိုရင် သက်ဆိုင်ရာ တရားရုံးနဲ့ ရဲစခန်းတွေကနေ တရားစွဲဆိုသွားဖို့ ရှိပါတယ်။

စားသုံးသူများ ကာကွယ်ရေးအဖွဲ့ကို အာဏာပိုင်တွေကရော ဖွဲ့စည်းခွင့် ပေးပြီလား။ သက်ဆိုက်ရာကရော ပူးပေါင်းဆောင်ရွက်ဖို့ရော ဘယ်လို အလားအလာ ရှိလဲ။

“ကျနော်တို့က နဂိုတုန်းက ဖွဲ့ထားတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ)နဲ့ ကျနော်တို့က လုပ်ငန်းသဘောအရ ဆက်စပ်တော့ ပူးပေါင်းဆောင်ရွက်ဖို့တော့ ရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က ကျနော်တို့အဖွဲ့ကို ဘယ်လောက်အထိ အကူအညီ ပေးနိုင် မပေးနိုင်တော့ မသိဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့က သက်ဆိုင်ရာကို တရားဝင် မှတ်ပုံတင်တယ်။ ချပေးတာ မပေးတာတော့ သူတို့ကိစ္စပေါ့နော်။ ကျနော်တို့ ဒီမိုကရေစီနိုင်ငံတခုမှာ ဒီလိုအဖွဲ့အစည်းမျိုးတွေက လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိတဲ့အတွက် စားသုံးသူတိုင်းက ဒီလို အဖွဲ့အစည်းတွေမှာ ဖွဲ့စည်းခွင့်ရှိတယ်။ ပါဝင်ခွင့်ရှိတယ်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ လုပ်ငန်းကို အောင်မြင်အောင် လုပ်သွားမှာပါ။”

တချို့ဆိုရင် အန္တရာယ်ရှိတဲ့ အစားအသောက်တွေ စားသုံးပြီး  ကျန်းမာရေးထိခိုက်တဲ့သူတွေ၊ တချို့ဆိုရင် အသက်ဆုံးရှုံးတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေအတွက်ကိုရော ဘာတွေ အကူအညီ ပေးသွားဖို့ စီစဉ်တွေ ရှိလဲဗျ။

“အဲဒါတွေက ကျနော်တို့အဖွဲ့ကို တိုင်ကြားလာတဲ့ စားသုံးသူတွေရဲ့ နစ်နာမှုတွေကိုတော့ ကျနော်တို့ဆီမှာ ရှိတဲ့ ဥပဒေ ပညာရှင်တွေ၊ ရှေ့နေတွေကနေ တရားစွဲပြီး တရားမကြောင်းအရ နစ်နာကြေးတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေဆီက နိုင်ငံခြားမှာလို လျော်ကြေးရအောင် ကျနော်တို့ ကူညီပေးသွားမှာပါ။”

စားသုံးသူတွေကိုပဲ ဖြစ်ဖြစ်၊ ပြည်သူတွေကိုပဲ ဖြစ်ဖြစ် စားသုံးသူများကာကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်လဲဗျ။

“ကျနော်တို့ ဒီကိစ္စက ပြည်သူအားလုံးက စားသုံးသူ ဖြစ်တဲ့အတွက် ဒီအဖွဲ့က ပြည်သူ အားလုံးနဲ့ ဆိုင်တယ်။ ကျနော်တို့အဖွဲ့ကို စိတ်ဝင်စားသူ အားလုံး ပူးပေါင်း ပါဝင်နိုင်တယ်လို့ ဖိတ်ခေါ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013