
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ဗိုလ်ချုပ်နေရာ သရုပ်ဆောင်မယ့်သူ ၂ ဦး၊ ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မယ့်သူ ၂ ဦးတို့ကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာလိုက် ပါတယ်။
ဗိုလ်ချုပ်နေရာအတွက် မောင်ကျောက်ခဲနဲ့ မောင်ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်နေရာအတွက် မဇာခြည်လင်းနဲ့ မသင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးအဆင့် ရွေးချယ်လိုက်တာဖြစ်ပြီး၊ သူတို့ ၄ ဦး ထဲက ၂ ဦးကို ၂ လကြာ စခန်းသွင်းလေ့ကျင့်ပြီးမှ ရွေးချယ်သွားမယ်လို့ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေးက ပြောပါတယ်။
[caption id="attachment_28369" align="alignleft" width="266" caption="photo - i journal"]
[/caption]
ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မယ့်သူတွေ ရွေးချယ်ခဲ့ပုံကို လည်း ကိုဇော်သက်ထွေးက ခုလို ပြောပြပါတယ်။
“ရုပ်တူရုံတင်မကဘူး။ အသံကိုလည်းစစ်ပါတယ်။ အသက်အရွယ်ကိုလည်း ကြည့်ပါတယ်။ သူ့ရဲ့ အရပ်အမောင်း၊ သူ့ရဲ့ IQ၊ EQ။ နောက် တိုင်းပြည်လက်ရှိအခြေအနေပေါ်မှာ သူ့ရဲ့ခံယူချက်၊ ဗိုလ်ချုပ်အောင်ဆန်း အမျိုးသားပုဂ္ဂိုလ်ကြီးအပေါ်မှာ သူ့ရဲ့ထင်မြင်ချက်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးမှုအပေါ်မှာ သူ့တို့ရဲ့ ခံစားချက်တွေကို မေးမြန်းတယ်။ ရေးသားခိုင်းတယ်။ အဲအချက်အလက်တွေ အားလုံး ယူပြီးတော့မှ အသင့်တော်ဆုံးထင်တဲ့ ဟာကို နောက်ဆုံးအဆင့်ရွေး ပါတယ်။”
သရုပ်ဆောင်ရွေးချယ်ပွဲကို လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်နေရာ အတွက် လျှောက်ထားသူ ၂၄၅ ဦး၊ ဒေါ်ခင်ကြည်နေရာအတွက် လျှောက်ထားသူ ၄၆ ဦးရှိတဲ့အနက် ဗိုလ်ချုပ်နေရာ အတွက် ၇ ဦး၊ ဒေါ်ခင်ကြည်နေရာအတွက် ၄ ဦး ဆန်ကာတင် ရွေးချယ်ခဲ့တာပါ။
နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ် မှာ ပြုလုပ်ခဲ့ပြီး ဒီနေ့စာရင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်နေရာအတွက် အခုရွေးချယ်ခံထားရသူ တဦးဖြစ်တဲ့ ကိုကျော်ကျော်မျိုးဟာ ကမ္ဘောဇကလပ် အသင်းက ဘောလုံးသမားဖြစ်ပါတယ်။
ဗိုလ်ချုပ်နေရာက ၀င်အရွေးခံခဲ့တာနဲ့ပတ်သက်ပြီး ကိုကျော်ကျော်မျိုးက “ကျနော့် ပတ်ဝန်းကျင် ပရိသတ်တွေက ပြောတယ်။ ကတုံးဆံတောက်နဲ့ အမြဲတမ်းနေတာဆိုတော့ မင်းတူတယ်၊
ဝင်ပြိုင်ပါလားဆိုတော့ တချို့ကလည်း ဘောလုံးကန်ဘက် သူငယ်ချင်းတွေက ဗိုလ်ချုပ်၊ ဗိုလ်ချုပ်နဲ့ အမြဲတမ်းစနေကြ။ ဂျာနယ်တွေကလည်း ၀င်ပြိုင်ပါလား ကျနော်ကလည်း အရမ်းဖြစ်ချင်တယ်။ အသင်းကို ပြောကြည့်လိုက်တော့ အသင်းကလည်း ကန့်ကွက်မှု မရှိတော့ လျှောက်ဖြစ်သွားတယ်။”
ဗိုလ်ချုပ်ရုပ်ရှင်ကို လာမယ့် ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။











