
ဖီဖာကမ္ဘာ့ဖလား ၂၀၂၆ - အုပ်စု (I) ပွဲစဉ် အဖြစ် ပြင်သစ်အသင်းနဲ့ ဆီနီဂေါအသင်းတို့ အမေရိကန်နိုင်ငံ၊ နယူးယောက်-နယူးဂျာစီကွင်းမှာ ဒေသအချိန် ဇွန် ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ပြင်သစ်အသင်းက တိုက်စစ်မှူး အမ်ဘာပေရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ( ၃-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေဟာ ပြင်သစ်အသင်းအတွက် ၅၈ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပြီး အိုလီဗီယာ ဂျရူးရဲ့ ၅၇ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ ပြင်သစ်သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာပါတယ်။
ပြင်သစ်အသင်းအတွက် လူစားဝင်ကစားသမား ဘရတ်ဒ်လေ ဘာကိုလာကလည်း ဂိုးသွင်းယူခဲ့ပြီး ဆီနီဂေါအသင်းအတွက်တော့ အီဘရာဟီမာ အမ်ဘာယီက ချေပဂိုး တ ဂိုးသွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ ပြင်သစ်နည်းပြချုပ် ဒီဒီယာဒေရှမ့်က အမ်ဘာပေ၊ အိုလီဆေး၊ ဒမ်ဘီလီနဲ့ ဒီဆိုင်းရီ ဒူးယီ တို့နဲ့ လူစုံပွဲထုတ်ခဲ့ပေမဲ့ ပြင်သစ်အသင်းဟာ ပထမပိုင်းမှာ ဂိုးပေါက်ကန်ချက် တကြိမ်သာ ရရှိခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
ဆီနီဂေါအသင်းက ပိုမိုအန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာ အစ္စမိုင်လာဆားက ၆ ကိုက်အကွာမှ ဂိုးဘားပေါ် ကျော်ကန်မိခဲ့လို့ ဂိုးမရခဲ့သလို နီကိုးလပ်စ် ဂျက်ဆင်ရဲ့ ကန်ချက်မှာလည်း ဂိုးတိုင်ခြေကို ထိမှန်ပြီး ဂိုးသမား မိုက်မိင်ညန်ရဲ့ ခြေထောက်နဲ့ ထိကာ ဂိုးပေါက်ဘေးမှ သီသီလေး ထွက်သွားခဲ့လို့ ပထမပိုင်းမှာ ဘယ်ဘက်ကမှ ဂိုးသွင်းနိုင်ခဲ့ပဲ ဂိုးမရှိသရေကျနေခဲ့တာပါ။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ပြင်သစ်အသင်းက ပိုမိုသွက်လက်လာပြီး ပွဲကို စိုးမိုးခဲ့ကစားသွားခဲ့ပါတယ်။ မာနေးရဲ့ ဖျက်ထုတ်မှုကြောင့် ပြင်သစ်အသင်း ပင်နယ်တီရသင့်ခဲ့ပေမဲ့ ကွင်းလယ်ဒိုင် အလီရီဇာ ဖာဂါနီက VAR အနီးကပ်ကြည့်ရှုပြီးနောက် အမ်ဘာပေက အရင်ထိမိတာဖြစ်တယ်ဆိုပြီး ကွင်းတွင်းဆုံးဖြတ်ချက် အတိုင်းသာ အတည်ပြုခဲ့လို့ ပင်နယ်တီ မရရှိခဲ့ပါဘူး။
ဒုတိယပိုင်းပွဲချိန် ၆၆ မိနစ်မှာတော့ မိုက်ကယ် အိုလီဆေးပေးပို့တဲ့ဘောလုံးကို အမ်ဘာပေက ဆီနီဂေါခံစစ်ကို ဖောက်ထွက်ကာ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာ ဘာကိုလာက ဂိုးသမားကို ကျော်ကာ ပါးပါးနပ်နပ် ကန်သွင်းခဲ့တာပါ။
ဆီနီဂေါအတွက် ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမား အသက် ၁၈ နှစ်အရွယ် လူငယ်လေး အမ်ဘာယီက ထောင့်ကျဉ်းကနေ အပြင်းကန်သွင်းကာ ဆီနီဂေါအတွက် မျှော်လင့်ချက် ပြန်ပေးခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အသက်အငယ်ဆုံး အာဖရိက ဂိုးသွင်းရှင် ဖြစ်လာပါတယ်။
ဒါပေမဲ့ ၂ မိနစ်အကြာမှာပဲ အမ်ဘာပေက ၂၅ ကိုက်အကွာကနေ လှပတဲ့ အံ့မခန်း အဝေးကန်ချက်နဲ့ ပြင်သစ်အတွက် အဆုံးအဖြတ်ဂိုး သွင်းယူခဲ့ပေးခဲ့လို့ ဆီနီဂေါတို့ရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်ကာ ပြင်သစ်အတွက် အနိုင် ၃ မှတ်ရယူဖို့ သေချာစေခဲ့တာဖြစ်ပါတယ်။
ဒီသွင်းဂိုး ၂ ဂိုးကြောင့် အမ်ဘာပေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၁၄ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်လို့ ဂျာမနီဂန္ထဝင် ဂတ်မူလာနဲ့ ဂိုးအရေအတွက် တူညီသွားကာ၊ ဘရာဇီးလ် ဂန္ထဝင် ရော်နယ်ဒို ၁၅ ဂိုးနဲ့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးအများဆုံးစံချိန်ရှင် ဂျာမနီမှ မီရိုဆလပ် ကလိုဆေး ၁၆ ဂိုးတို့ရဲ့ နောက်မှာရပ်တည်နေပါတယ်။
ပြင်သစ်အသင်းဟာ ဇွန် ၂၂ ရက်မှာ ဖီလာဒဲလ်ဖီးယားမှာ အီရတ်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆီနီဂေါအသင်းကတော့ ဇွန် ၂၃ ရက်နေ့ နယူးဂျာစီကွင်းမှာ နော်ဝေအသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: SkySports BBC










