DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ် အဆုံးသတ်
DVB
·
July 24, 2012
သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ် အဆုံးသတ်
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ခရီးစဉ် နောက်ဆုံးနေ့ ဒီနေ့ မနက်ပိုင်းမှာ ဘန်ကောက်မြို့ရဲ့ အထင်ကရ  ဘုရင့်နန်းတော်နဲ့ မြဘုရားတွေကို သွားရောက် လည်ပတ်ခဲ့ပြီး ညနေပိုင်းမှာ သူ့ရဲ့ ၃ ရက်ကြာ ထိုင်းနိုင်ငံခရီးစဉ်ကို အဆုံး သတ်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

မနေ့ကတော့ ဦးသိန်းစိန်ဟာ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ထိုင်းနဲ့မြန်မာ နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနဲ့ မူးယစ်ဆေးဝါးကိစ္စအစ အလုပ်သမားကိစ္စ အဆုံး ကိစ္စရပ် အတော် များများ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_28359" align="alignleft" width="300" caption="သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်"][/caption]

ဆွေးနွေးပွဲအပြီးမှာ  ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေ ဆောင်ရွက်ဖို့၊ မြန်မာ နိုင်ငံတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စွမ်းအင်ဆိုင်ရာ ဖိုရမ်ဆွေးနွေးပွဲတွေ တည်ထောင်သွားဖို့ နားလည်မှုစာချွန်လွှာ ၃ ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ကြေညာချက်မှာတော့ ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ၂၀၁၄ မြန်မာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမယ့်ကိစ္စ ပြင်ဆင်မှုတွေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးကိစ္စတွေမှာ ကူညီပေးဖို့ အဆိုပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထားဝယ်စီမံကိန်းမှာ ကြန့်ကြာနေတဲ့ကိစ္စတွေ ဆွေးနွေးဖို့အတွက်လည်း လာမယ့် သြဂုတ်ကျရင် နှစ်နိုင်ငံ ၀န်ကြီးအဆင့် လုပ်ငန်းအဖွဲ့တွေ ဖွဲ့ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ချင်းမိုင်၊ မဲဟောင်ဆောင်နဲ့ ကန်ချနဘူရီ ခရိုင်တွေမှာ အမြဲတမ်း နယ်စပ်ဂိတ်တွေဖွင့်ဖို့နဲ့ ရတ်ခ်ျဘူရီမှာ ယာယီနယ်စပ်ဂိတ်ဖွင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။  ဒါ့ပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာဆန်စပါး ထုတ်လုပ်မှုမှာ အကူအညီပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းဥပဒေအောက်မှာ အခွင့်အရေးတွေရအာင် လုပ်ပေးဖို့ ထိုင်းအစိုးရက ကတိပြုခဲ့တယ်။

ဒါ့ပြင် မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်းတိုက်ဖျက်ဖို့နဲ့ မြန်မာနယ်စပ်မှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းတွေ ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ ကော့သောင်းမြို့နယ်ထဲမှာ ဖမ်ဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို လျော့ပေါ့ပြစ်ဒဏ် ချမှတ်ပေးဖို့ စဉ်းစားမယ်လို့ သမ္မတက ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံသားတွေအနေနဲ့ တချို့က လက်နက်ကိုင်ဆောင်ထားပြီး တချို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့အတွက် တရားဥပဒေအတိုင်း အမှုအရင်စီရင်ခံရဖို့ ရှိတယ်လို့ မစ္စတာ ဆန်ဆာနီက ပြော ပါတယ်။

ထိုင်းနဲ့မြန်မာအကြား လာမယ့် ၂၀၁၃ မှာ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ၆၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲလုပ်မှာ ဖြစ်ပြီး ထိုင်းမြန်မာ ချစ်ကြည်ရေးအသင်း တည်ထောင်ဖို့လည်း အစီအစဉ် ရှိတယ်လို့ ထိုင်းအစိုးရ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013