DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် မဒေါက်မြို့ ပြန်လည်ထူထောင်ရေး ပြည်သူ့အား လိုအပ်ဟု အုပ်ချုပ်ရေးမှူးပြော
DVB
·
August 5, 2018
ရေဘေးသင့် မဒေါက်မြို့ ပြန်လည်ထူထောင်ရေး ပြည်သူ့အား လိုအပ်ဟု အုပ်ချုပ်ရေးမှူးပြော
Donate to DVB

စစ်တောင်းမြစ်ရေက ၁ဝ စုနှစ် အတွင်းမှာ ရေအကြီးဆုံးအဖြစ် မြင့်တက်ခဲ့တာကြောင့် မဒေါက်မြို့နယ် မြစ်ကြောင်းတလျှောက် လူနေအိမ်တွေ ကြီးရေလျှံတာဖြစ်နေသလို လူအများအပြား ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် ပြည်သူလူထုရဲ့အား လိုအပ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စစ်တောင်းမြစ်ရေက ဒီနေ့တိုင်းတာချက်အရ  မဒေါက်မြို့ရဲ့ စိုးရိမ်ရေအမှတ် ၁ဝ၇ဝ စင်တီမီတာရဲ့ အထက် ၁ဝ၇၄ စင်တီမီတာမှာ ဆက်လက်တည်ရှိနေပါတယ်။

မဒေါက်မြို့ အုပ်ချုပ်ရေးမှူး ဦးနေဇာမျိုးက “မြန်မာနိုင်ငံအဝှမ်းက ကယ်ဆယ်ရေးတွေ လာလှူနေကြသလို ကျနော်တို့ကတော့ ပြန်လည်ထူထောင်ရေးအပိုင်းကို သွားဖို့ လုပ်နေပါတယ်။ ရေကြီးမှုကြောင့် နစ်မြုပ်သွားတဲ့ နေအိမ်တွေ၊ ကျောင်းပြန်ဖွင့်နိုင်ရင် ကျောင်းသွားလမ်းရေတိုက်စားသွားတာတွေ အမြန်ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်က ထောက်ပံ့ကြေး အရေးပေါ်ငွေကြေး အသုံးပြုနေပေမယ့် ပြန်လည်ထူထောင်ရေးမှာလည်း ပြည်သူလူထုအား လိုအပ်နေပါတယ်။ အခြေခံလူတန်းစားများ အိမ်ထောင်စုတွေ အဓိက ရေနစ်မြုပ်ကြတော့ ရေပြန်ကျသွားပေမယ့် သူတို့အတွက် ဆန် ဆီ ငါးခြောက်ကတော့ အခုလို မိုးရာသီ အလုပ်အကိုင်မပေါတဲ့အချိန်မှာ ရိက္ခာခြောက်တွေ လိုနေပါသေးတယ်”လို့ ပြောပါတယ်။

စစ်တောင်းမြစ်ရေလျှံလာတဲ့အတွက် မဒေါက်မြို့နယ် ထိုပိုတာနဲ့ ပုဇွန်မြောင်းတာ ကျိုးသွားခဲ့ပါတယ်။ လူနေအိမ်တွေ မပျက်စီးခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးမှာ တာအနီးက အိမ်ထောင်စု ၁၅ လုံးနဲ့ လယ်တွေပျက်စီးကုန်တယ်လို့ သိရပါတယ်။

မဒေါက်မြို့ ကယ်ဆယ်ရေး အခမဲ့ဆေးခန်းမှ ဒေါက်တာ ခင်ယမင်းစုက “ချောင်းဆိုးနဲ့ ဖျားနာကြသူတွေများပါတယ်။ ယားနာနဲ့ဝမ်းပျက် ဝမ်းလျှောကတော့ ၁ဝဝ မှာ ၂ ယောက်လောက်ပဲ တွေ့ရပါသေးတယ်။ ဓာတ်ဆားရည်အထုတ်လည်း အမြဲပေးပါတယ်” လို့ ပြောပါတယ်။

မဒေါက်မြို့မှာ အိမ်ခြေ ၃၃၃၂ နဲ့ လူဦးရေ ၁၆၉၆၉ ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ရပါတယ်။ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်မှာ ရှိနေပေမယ့် နေအိမ်တွေမှာ ရေကျသွားတာကြောင့် မဒေါက်မြို့ ကယ်ဆယ်ရေးစခန်း ၃ ခု ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။

သတင်း - ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013