DVB Logo
Home
မြန်မာသတင်း
၈၈၈၈ ရည်မှန်းချက်ပြည့်မီရေး အစိုးရအနေဖြင့် တိုင်းရင်းသားများ၏အသံ သတိမူသင့်
DVB
·
August 5, 2018
၈၈၈၈ ရည်မှန်းချက်ပြည့်မီရေး အစိုးရအနေဖြင့် တိုင်းရင်းသားများ၏အသံ သတိမူသင့်
Donate to DVB

၈၈၈၈ အရေးတော်ပုံရဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့က မဟာဗျူဟာမြောက် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ မလုံလောက်ဘဲ တိုင်းရင်းသားတွေရဲ့ အသံကို အစိုးရက သတိမူသင့်တယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။

မွန်ပြည်သစ်ပါတီ နိုင်ငံရေးဌာန တာဝန်ရှိသူ နိုင်ငံအောင်မငေးက “တိုင်းရင်းသား အများက ခုနက နိုင်ငံရေးအပြောင်းအလဲကို သိတာမဟုတ်ဘူး။ မြေပြင်မှာဖြစ်နေတဲ့ ကိစ္စတွေ၊ စစ်မြေပြင်မှာ ဖြစ်နေတဲ့ကိစ္စတွေ၊ တကယ့်ခံစားချက်မှာဖြစ်နေတဲ့ ကိစ္စတွေ၊ သူတို့ရဲ့ မျက်မြင် ကိုယ်တွေ့ကိစ္စတွေ၊ ဒီကိစ္စမှာ ကျနော်တို့က အလေးမထား ဂရုမပြုဘူးဆိုရင် ဒီက ဝေးကွာ သွားမယ်။ ဒါက အသေးအဖွဲကိစ္စတွေက ဂရုပြုပါ။ ခုန မဟာဗျူဟာသွားတာတွေ ကိုလည်း မပျောက်ပျက်ဘဲနဲ့ သွားတဲ့လမ်းကြောင်းပေါ်မှာပိုပြီးတော့ တည့်မတ်အောင်၊ ပိုပြီးတော့ ထောက်ခံမှုရှိအောင် ပိုပြီးတော့ တိုင်းရင်းသားတွေရဲ့ အသံပေါ့နော်၊ တိုင်းရင်းသားတွေရဲ့ အသံပိုပြီးတော့ ရောက်လာအောင်၊ ဒါမှအပေါ်က အဆင်ပြေသလို အောက်ကလည်း အဆင်ပြေမယ်။  ဒါမှာ ကျနော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာလည်း ဒီလိုပါပဲ” လို့ ပြောပါတယ်။

အစိုးရက တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ကို မဟာဗျူဟာမြောက် လုပ်ငန်းတစ်ခု အနေနဲ့ ဆောင်ရွက် နေပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်က ချောင်းဆုံတံတားကိစ္စအပါအဝင် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထား ရှိမယ့် ကိစ္စတွေ အပေါ်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ အန်အယ်လ်ဒီအစိုးရအကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်က “ဒေသခံ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကို အလေးနက်ထားရမယ်။ အဲ့ဒါလည်း အားနည်းတာ ဖြစ်နိုင်တယ်။ ၃ အချက်က နိုင်ငံရေးပါတီလုပ်နေပြီး ပါးနပ်လိမ္မာမှု အားနည်းလို့ ဖြစ်တာလို့ ကျနော်ထင်တယ်”လို့ ပြောပါတယ်။

ဒီမိုကရေစီရရှိရေး၊ တစ်ပါတီ အာဏာရှင်စနစ် ဖျက်သိမ်းရေး စတဲ့ ရည်မှန်းချက်တွေ နဲ့ သမိုင်းဝင် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးပေါ်ပေါက်ခဲ့တာ  နှစ်ပေါင်း ၃ဝပြည့်တော့မှာပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေက အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းစေတဲ့အတွက် ဒီလို ကိုးကွယ်မှုတွေကို သတိထားသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက “ရွေးချယ်တင်မြှောက်ပေမယ့် တဖက်သတ်တည်း check and valance အောက်သွားရင် ဒီမိုကရေစီအာဏာရှင် ဖြစ်လာတာပဲ။ ဒါထုံးစံပဲ၊ နောက်တစ်ခုက အာဏာရှင်ဆိုတဲ့ စနစ်နဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုက  တိုက်ရိုက် အချိုးကျတယ်။ အဲတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို မတည်ဆောက်နဲ့”လို့ ပြောပါတယ်။

၈ လေးလုံး လူထု အရေးတော်ပုံဖြစ်ပွားပြီး ၂၇နှစ်အကြာမှာ ဒီမိုကရေစီရရှိဖို့ကြွေးကြော် တိုက်ပွဲဝင်ခဲ့တဲ့ အန်အယ်လ်ဒီပါတီက အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ တရားဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား လုပ်ဆောင်နေပြီး ၂၁ ရာစု ပင်လုံညီလာခံကိုလည်း ၂ဝ၂ဝ ပြည့်နှစ် မတိုင်မီ နောက်ထပ် ညီလာခံ (၃)ကြိမ် ကျင်းပနိုင်ဖို့ မျှော်မှန်းထားပါတယ်။

သတင်း - ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013