DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် ရှစ်လေးလုံးမျှော်မှန်းချက် အားကောင်းလာဟု ကိုမင်းကိုနိုင်ပြော
DVB
·
August 4, 2018
အန်အယ်လ်ဒီအစိုးရလက်ထက် ရှစ်လေးလုံးမျှော်မှန်းချက် အားကောင်းလာဟု ကိုမင်းကိုနိုင်ပြော
Donate to DVB

ရှစ်လေးလုံး အရေးတော်ပုံ မျှော်မှန်းချက်တွေဟာ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အားကောင်းလာတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

ရှစ်လေးလုံးအရေးအခင်း နှစ်သုံးဆယ်ပြည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ သြဂုတ် ၈ ရက်နေ့ ကျင်းပမှာပါ။

ဒီလိုသမိုင်းကို အသိအမှတ်ပြုတာဟာ အလားအလာကောင်းဖြစ်ပြီး ၈၈၈၈ လေးလုံး ရည်မှန်းချက်အားလုံး မပြည့်စုံသေးပေမယ့် အတိုင်းအတာတခုအထိ ကျေနပ်စရာကောင်း လာတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေလည်း လမ်းစပွင့်လာဖို့ အချိန်ကျပြီလို့ ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က“ရှစ်လေးလုံး စလုပ်ခါစ ကျနော်တို့ ဖက်ဒရယ်အကြောင်း မပါခဲ့ပါဘူး။ ဒါပေမယ့် ဒီကနေ့ ပါနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်ကိုက လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ ပြည်နယ်ပေါင်းစုံ ဖွဲ့စည်းထားတာ။ ကျနော်တို့က ဒီနိုင်ငံအကြောင်း ပြောကြပြီဆို ဒီမိုကရေစီ အကြောင်းလည်း မပါမပြီးသလို တိုင်းရင်းသားအကြောင်းလည်း မဖြစ်မနေတွဲရမယ်။ တခုပဲရှိ တယ် အဲဒီတိုင်းရင်းသားတွေကလည်း သူတို့ အရေးကိစ္စတင်မကဘဲ အားလုံးနဲ့ဆိုင်တဲ့ ဒီမိုကရေစီကို စိတ်ချလက်ချယုံကြည်ပြီးတော့ သူတို့ကိုယ်တိုင်လည်း ဒီမိုကရေစီအရေးမှာ တက်ကြွမှ ကျနော်တို့ ဟန်ချက်ညီမှာ။ ဒါကြောင့်မို့ ဘာအကြောင်းပဲ စဉ်းစားစဉ်းစား နောက်ဆုံး အားလုံးသွားချင်နေတဲ့ ဖွဲ့စည်းပုံပြင်မယ့်ကိစ္စ အဲဒါကလည်း ကျနော်တို့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးမှာ တထပ်တည်း သွားကျတယ်။ ဖွဲ့စည်းပုံပြင်မှ ဖက်ဒရယ်ပြည်ထောင်စုလည်း ဖြစ်မယ်။ ဒီမိုကရက်တစ်နိုင်ငံလည်း ဖြစ်မယ်။ ဒါက အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ရှစ်လေးလုံးကာလတုန်းက လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတချို့ကတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ နှစ်သုံးဆယ်ပြည့်အခမ်းအနားကို ကျင်းပခွင့်ရတာ ကြိုဆိုပေမယ့် အပြည့်အဝတော့ စိတ်မချနိုင်သေးဘူးလို့ ဆိုပါတယ်။

ရှစ်အရေးအခင်းကာလ ဗကသအဖွဲ့ဝင် ကိုသက်ထွန်းက “တကယ်တော့ လတ်တလော အခြေအနေက အတိုင်းအတာတခုအထိ လုပ်ခွင့်ရတယ် ပြောခွင့်ရတဲ့ အဆင့်ပေါ့နော်။ တကယ် တော့ ရှစ်လေးလုံးရဲ့သမိုင်း ဘာလဲဆိုတဲ့ သမိုင်းအစစ် အပြည့်အစုံကိုတော့ သမိုင်းတင်နိုင်တဲ့ အဆင့် မရောက်သေးပါဘူး” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် ၁၉၈၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တပါတီအာဏာရှင်စနစ်ကို ကျောင်းသားတွေက ဆန္ဒပြရာကစပြီး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာပါ။

ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းခဲ့တဲ့ ကျောင်းသားပြည်သူတွေကို  ဦးနေဝင်းအစိုးရက အကြမ်းဖက်နှိမ်နင်းတာကြောင့် လူပေါင်း ၃ ထောင်လောက် အသက်ဆုံး ရှုံးခဲ့ရတယ်လို့ မှတ်တမ်းတွေ ဖော်ပြထားပါတယ်။

လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ ပထမဆုံးအကြိမ် တရားဝင်ကျင်းပခွင့် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013