DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ပျက်စီး စပါးခင်းများအတွက် သက်တမ်းတိုစပါး အစားထိုးစိုက်မည်
DVB
·
August 4, 2018
ကရင်ပြည်နယ်တွင် ပျက်စီး စပါးခင်းများအတွက် သက်တမ်းတိုစပါး အစားထိုးစိုက်မည်
Donate to DVB

ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ် ပျက်စီးခဲ့တဲ့ မိုးစပါးခင်းတွေအတွက် သက်တမ်းတိုတဲ့ စပါးမျိုးတွေ ပြန်လည်အစားထိုးစိုက်ပျိုးဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သြဂုတ် ၄ ရက်မှာ ဒုပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က ပြောပါတယ်။

ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ ၄ သိန်းကျော် လျာထားပြီး စိုက်ပျိုးပြီး ဧက၂ သိန်းနီးပါး စိုက်ပျိုးပြီးဖြစ်ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုနဲ့ မိုးစပါးစိုက်ပျိုးပြီး ဧက ၅ သောင်းခွဲနီးပါး ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် ဧက ၅ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက သြဂုတ် ၃ ရက်နေ့ထိ ကောက်ခံရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွေနဲ့ ပိုင်ကျုံ၊ ကမမောင်း၊ ဘုရားသုံးဆူ မြို့တွေက မိုးစပါးစိုက်ပျိုးပြီး စပါးခင်းတချို့ ရေကြီးနစ်မြုပ်မှုခဲ့သလို ဘားအံမြို့နယ်မှာ စိုက်ပျိုးပြီး စပါးစိုက်ဧက အများဆုံးရေနစ်မြုပ်ခဲ့တာဖြစ်ပြီး ကော့ကရိတ်မြို့နယ်က ဒုတိယအများဆုံး ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန နယ်စပ်တာဝန်ခံ၊ ဒုပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က “အဓိက ကတော့ ကုစားလိုရမယ်ဆိုရင် တပိုင်းတစ ပျိုးပင်တွေ အစားထိုးဖာတာတွေ၊ ဒါမှမဟုတ် မျိုးစေ့ယူပြီးတော့ မျိုးစေ့တိုက်ရိုက်ချမလား။ တိုက်ရိုက်ချမယ်ဆို လက်နဲ့ ပက်မလား။ မျိုးစေ့ တိုက်ရိုက်ချတဲ့စက်နဲ့ လုပ်မလား၊ စက်တွေအရန်သင့် လုပ်ထားပြီးပါပြီ။ အဲအတွက် လက်တလော သင့်တော်တဲ့ သက်တမ်းတို စပါးမျိုးတွေ များများရဖို့ အစားထိုးစိုက်ပျိုးဖို့ လုပ်ထားတယ်။ ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်သမားတွေရဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရကို တင်ပြပြီး တောင်သူတွေရဲ့ လိုအပ်ချက်တွေကို ဆက်လက် ကူညီဆောင်ရွက်ပေးသွားမယ်” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ လှာကာမြင်ကျေးရွာ အုပ်စု၊ တူနွဲကျေးရွာနေ ဦးမြသိန်းက “မျိုးတွေသေတာ ရှိတယ်။ စပါးသေတာရှိတယ်။ ဒီနှစ်က ရေကြီးတာ ဘယ်သူမှ မတတ်နိုင်ဘူးလေ။ အခက်အခဲတွေကတော့ ဒီအချိန် မျိုးပြန်ကြဲဖို့ ပြန်စိုက်ဖို့က မရတော့ဘူး၊ နောက်ကျသွားပြီ။ တို့လယ်တွေက မိုးနေရာ၊ ချောင်းလည်းမရှိ၊ မြစ်လည်းမရှိ အင်းလည်းမရှိတော့ ပြန်စိုက်လို့မရတော့ဘူး။ အခက်အခဲတွေကတော ကိုင်းလည်းလုပ်လို့မရ ပဲစိုက်လည်းမရ ထောက်ပံ့ကြေးလည်းမရတော့ ဘာမှ ပြန်လုပ်လို့မရဘူး”လို့ ပြောပါတယ်။

လယ်သမားတွေအနေနဲ့ စပါးစိုက်ပျိုးစရိတ် ၁ ဧကကို ၁ သိန်းခွဲလောက် အနည်းဆုံး ကုန်ကျသလို့ လုပ်သားရှားပါးမှုတွေကလည်း ရှိတဲ့အတွက် ပြန်လည်အစားထိုးစိုက်ပျိုးမယ်ဆိုရင် အခက်အခဲတွေက အများကြီးရှိတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ပြည်နယ်အတွင်း မိုးမြေပဲ ၁ ဧက၊ ချက်ကြံရင့် ၉၃၅ ဧက၊ မိုးအစေ့ထုတ်ပြောင်းဧက ၁၆၀၀ ကျော်၊ ရေကြီးနစ်မြုပ်မှုခဲ့ရာ မိုးအစေ့ထုတ်ပြောင်းဧက ၁၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ တောင်သူလယ်သမားအားလုံး စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်း၊ မြို့နယ်ဦးစီးမှူးရုံး၊ နယ်စပ်တာဝန်ခံ ဒုပြည်နယ်ဦးစီးမှူးနဲ့ ပြည်နယ်ဦးစီးမှူးတွေထံ တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး လိုအပ်ရင် ကွင်းထဲအရောက် သွားရောက်ကူညီဆောင်ရွက်ပေးနိုင်ဖို့ သက်ဆိုင်ရာ ဖုန်းနံပါတ်တွေကို ကြေညာအသိပေးထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013