
အစိုးရရုံးစိုက်ရာ နေပြည်တော်ကို လျှပ်စစ်ဒါားပေးဖို့ ရည်ရွယ်တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းရေကာတာ စီမံကိန်းကြောင့် ရွာပေါင်း ၂၃ ရွာ ရွှေ့ပြောင်းရမယ့် အနေအထား ဖြစ်နေပြီး လယ်သမားတွေ လယ်ယာတွေလည်း မလုပ်ကိုင်နိုင်တော့ဘဲ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
[caption id="attachment_28343" align="alignleft" width="329" caption="ပေါင်းလောင်းဆည် စီမံကိန်း"]
[/caption]
ပျဉ်းမနား အထက်ပိုင်းမှာရှိတဲ့ ကီလိုမီတာ ၆၀ ကျော် ကျယ်ဝန်းတဲ့ ဒီပေါင်းလောင်းဆည်ကြောင့် ပေါင်းလောင်းမြစ်ဝှမ်းဒေသ တလျှောက်က ကျေးရွာ ပေါင်း ၂၃ ရွာ၊ အိမ်ခြေ ၁၈၀၀ လောက် ရေလွှမ်းမိုးခံရမယ့် အနေအထားဖြစ်တယ်လို့ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြောပါတယ်။
ရေမြုပ်ဧရိယာကျနေတဲ့ ကျေးရွာပေါင်း ၂၃ ရွာက တောင်သူ လယ်သမားတွေဟာ ဆည်ပိတ်ရင် စိုက်ပျိုးမြေတွေ နှစ်မြုပ်သွားမှာ စိုးရိမ်တဲ့အတွက် လယ်ယာမြေများ စိုက်ပျိုးခြင်း မပြုလုပ်ရဲတော့ပါဘူး။
ဒါ့ကြောင့် စိုက်ပျိုးရေးကို အဓိကအားထားပြီး အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ ကျေးရွာသားတွေ စားဝတ်နေရေးအတွက် အကြီးမားဆုံးသော ပြဿနာ ဖြစ်လာမယ့် အနေအထား ဖြစ်တယ်လို့ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ကိုဘီဒူးက ပြောပါတယ်။
“အခု ရေကာတာကို မကြာခင်မှာ တည်ဆောက်ပြီးတော့မယ်လို့ ကြားနေရတယ်။ ရွာအတွက်လုပ်ပေးတာ၊ နေရာပြန်ပေးတာ၊ ရွာပြောင်းမယ့်နေရာကို တိတိကျကျ မြေထိုးပေးတာတို့ အခုထိ မရှိဘူးဖြစ်နေတယ်။ ရွာဆောက်တဲ့ လူတွေလည်း ဆောက်နေရင်း တန်းလန်းနဲ့ ပစ်ထားရပြီ။ ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲ လုပ်ကိုင်စားသောက်၊ ဘယ်လောက်ပဲပြုပြင်၊ တောင်ယာတွေ ခုတ်ပါစေ နောင်နှစ်မှာရေလွှမ်းမယ် ပစ်ထားရမယ်ဆိုတာက ရှိနေတယ်။ ဆိုတော့ အခုလက်ရှိက ရွာသားတွေက သူတို့စိုးရိမ်ချက် အမြင့်ဆုံး ရောက်နေတယ်။ နောင်တနှစ်မှာ ရွာကို ရေလွှမ်းသွားရင် ဘာဆက်ဖြစ်မလဲဆိုတာက မသိနိုင်တဲ့ အမေးအဖြေကြီး ဖြစ်နေတယ်။”
ဒါပေမယ့် အထက်ပေါင်းလာင်းဆည် ပိတ်လိုက်ရင် ရေလွှမ်းမိုးခြင်းမှ လွတ်ကင်းနိုင်တဲ့ ပေါင်းလောင်းချိုင့်ဝှမ်းလွင်ပြင် အချက်အချာကောင်းတဲ့ မြေနေရာတွေကိုလည်း အဏာပိုင်တွေက နေပြည်တော်က စီးပွားရေးသမားတွေဆီ ရောင်းချနေတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ တာဝန်ရှိအဖွဲ့အစည်းတွေက ဒီနှစ်အတွင်း ဆည်ပိတ်မယ်၊ မပိတ်ဘူး သတင်းတွေကို အတိအကျ ထုတ်ပြန်ခြင်းမရှိတဲ့အတွက် ဒီလိုရွာသားတွေရဲ့ စိုးရိမ်မှုကို အစိုးရအနေနဲ့ တာဝန်ယူပြီး ဆောင်ရွက်ပေးသင့်တယ်လို့ ကိုဘီဒူးက တိုက်တွန်းပါတယ်။
“ဖြစ်သင့်တာက ရွာကစိုးရိမ်မှုတွေကိုလည်း ကျော်သွားလို့ရအောင်၊ အစိုးရကလည်း ရေကာတာ ဆောက်ရင်တောင် ရွာတွေအားလုံးအတွက် ကူညီပေးဖို့ လိုပါတယ်။ ဖယ်ခုံမြို့ဆိုရင် ရေကာတာဆောက်တဲ့အချိန်မှာ ရေတွေ လွှမ်းကုန်တယ်။ လယ်ယာမြေတွေ ဆုံးရှုံးတဲ့အပြင် သစ်စတွေ ရောက်လာပြီး သစ်စတွေက မြေဧကပေါင်း ၃၀၀ ကျော်ကို တိုက်စားနေတုန်းပါ။ ဘယ်သူမှလည်း တူးလို့မရတဲ့အပြင် ဘယ်သူမှလည်း ပြန်မရနိုင်တဲ့ အနေအထားမျိုး ရှိနေတုန်းပဲ။ ထွက်လာတဲ့ လျှပ်စစ်မီးကလည်း နှစ်ပေါင်းများစွာ ဖယ်ခုံမြို့မှာ သုံးဖို့အခွင့်အရေး မရခဲ့ဘူး။ ပြီးခဲ့တဲ့ တနှစ်လောက်ကပဲ မီးဆိုတာကို စရရှိခဲ့တာပါ။ လိုအပ်ချက်လေးတွေကို နားလည်ပေးပြီး ညှိညှိနှိုင်းနှိုင်းလေး ဖြစ်သင့်ပါတယ်။ အထူးသဖြင့် ရွာရဲ့ လိုအပ်တဲ့နေရာတွေအပြင် လုပ်ကိုင်စားသောက်ရတဲ့ အခွင့်အလမ်းတွေကို ကျနော်တို့ တောင်းဆိုပါတယ်။”
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်မယ့် အထက်ပေါင်းလောင်း ရေကာတာ စီမံကိန်းကို တရုတ်အကူအညီနဲ့ ၂၀၀၅ ခုနှစ်က တည်ဆောက်နေပြီး လက်ရှိအနေအထားမှာ ၉၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။
ဒီ စီမံကိန်းကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အေအက်ဖ်-ကိုလင်ကို လီမိတက် (AF-colenco Ltd.) နဲ့ ဗြိတိန် အခြေစိုက် ကယ်လ်ကွန် ဒတ်စတန်က ဆည်ပုံစံထုတ်ပေးပြီး အကြံပေးလုပ်ဆောင် ပေးပါတယ်။ တရုတ် ယူနန်စက်ပစ္စည်းနဲ့ ပြည်ပပို့ကုန် ကုမ္ပဏီတို့ကလည်း စက်ပစ္စည်းအတွက် ဒေါ်လာသန်း ၈၀ ကူညီဆောင်ရွက်ပေးတာတာပါ။
အစိုးရက မြန်မာတနိုင်ငံလုံးမှာ ရေအားလျှပ်စစ် စီမံကိန်း ၄၈ ခု တည်ဆောက်ဖို့ လျာထားပြီး အကြီးဆုံးကတော့ တာဆန်းရေကာတာ စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။










