DVB Logo
Home
မြန်မာသတင်း
ပြည်သူအများစု သဘာဝဘေးကြိုတင်ကာကွယ်ရန် မေ့လျော့နေလေ့ရှိဟု ဒုသမ္မတပြော
DVB
·
August 4, 2018
ပြည်သူအများစု သဘာဝဘေးကြိုတင်ကာကွယ်ရန် မေ့လျော့နေလေ့ရှိဟု ဒုသမ္မတပြော
Donate to DVB

ပြည်သူအများစုဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လေ့ရှိပေမယ့် ကြိုတင်ကာကွယ်ရေး အစီအမံတွေ ပြင်ဆင်ဖို့ မေ့လျော့နေတတ်ကြတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမမှာ မနေ့က ကျင်းပတဲ့ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့တာပါ။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ် ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ဘက်စုံပူးပေါင်းပါဝင်တဲ့ ကမ်းရိုးတန်းသယံဇာတတွေ စီမံအုပ်ချုပ်လုပ်ကိုင်ရာမှာ သဘာဝသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး သဘာဝဘေးအန္တရာယ်လျော့ပါးစေဖို့ ကမ်းရိုးတန်း သယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့အတူ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံတွေကို ဆောင်ရွက်သွားကြဖို့ တိုက်တွန်းသွားပါတယ်။

သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေကို လျှော့ချပေးနိုင်တဲ့ သန္တာ ကျောက်တန်းတွေ၊ ပင်လယ်မြက်ခင်းတွေ၊ ပင်လယ်ကမ်းခြေတွေ၊ သဲသောင်ခုံတွေနဲ့ ဒီရေတောတွေကို သဘာဝတံတိုင်းတွေ၊ သဘာဝအဆောက်အအုံတွေအဖြစ် ဦးစားပေးထိန်းသိမ်း ကာကွယ်ကြရမယ်လို့ ဆိုပါတယ်။

ကမ်းရိုးတန်းသယံဇာတတွေကို ရေရှည်ထုတ်ယူသုံးစွဲနိုင်ဖို့ ဆောင်ရွက်ရာမှာ  အခက်အခဲအတားအဆီးတွေ တွေ့ကြုံရမည်ဖြစ်ပါကြောင်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသတွေအပါအ၀င် နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်သည့်အုပ်စု နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအုပ်စုတို့အကြား အငြင်းပွားစရာတွေရှိနေလို့ တဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီး ဖွံ့ဖြိုးရေးပန်းတိုင် ရောက်အောင် ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

ငါးသယံဇာတ၊ ဒီရေတောတွေ ထိန်းသိမ်းကာကွယ်ဖို့ သစ်တောကဏ္ဍတခုတည်းမဟုတ်ဘဲ ဆက်စပ်ပတ်သက်နေတဲ့ ကဏ္ဍပေါင်းစုံက ၀ိုင်းဝန်းကူညီထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်းသွားပါတယ်။

ကမ်းရိုးတန်းဒေသတွေမှာ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သယံဇာတထိန်းသိမ်းရေး၊ သတ္တုတူးဖော်ရေး၊ ရေကြောင်းခရီးသွားလာရေး၊ ကမ်းရိုးတန်း လုံခြုံရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း စတဲ့ ကဏ္ဍပေါင်းစုံတို့ ဆက်စပ်နေကြောင်း၊ အဆိုပါ လုပ်ငန်းကဏ္ဍတွေ လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းများတဲ့ ကမ်းရိုးတန်းဒေသတွေကို ပြောင်းရွှေ့အခြေချသူ ဦးရေလည်း တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သယံဇာတတွေကို အလွန်အကျွံ ထုတ်ယူ သုံးစွဲတာ၊ ရောင်းချတာ၊ ရေရှည်ထုတ်ယူသုံးစွဲနိုင်မယ့် နည်းလမ်းတွေကို နားလည်မှု အားနည်းတာ၊ ကမ်းရိုးတန်း သယံဇာတတွေက ရရှိတဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်ဖို့ လိုအပ်ကြောင်း၊ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှုမရှိတာနဲ့ လုပ်ငန်းစီမံချက်တွေ ရေးဆွဲဆောင်ရွက်ကြရာမှာ အစိုးရနဲ့ ဌာနအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ ပံ့ပိုးမှု အလုံအလောက်မရှိတာ စတဲ့ အခြေအနေတွေကို တိုးတက်ပြောင်းလဲဖို့ အလေးထားဆောင်ရွက်နေတယ်လို့  ဒုသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝဝ၈ ခုနှစ်၊ မေ ၂ ရက် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ဒီရေတောတွေ ထူထပ်စွာ တည်ရှိနေခဲ့လို့ ဒေသခံတွေရဲ့ အသက်ပေါင်းများစွာ ရှင်သန်ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ သဘာဝဘေးအန္တရာယ် ဒဏ်ခံရမှုအများဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်နေတာကြောင့် ကော်မတီဝင်တွေအနေနဲ့ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်ရာမှာ ကမ်းရိုးတန်းသယံဇာတတွေကို သားစဉ်မြေးဆက် ရေရှည်ထုတ်ယူသုံးစွဲနိုင်အောင် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းနဲ့အတူ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ လိုအပ်နေပြီလို့ ဒုသမ္မတက ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013