DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် အလုပ်သမား နှိမ်နင်းရေး ပြန်စတင်၊ တရက်လူ ၁ဝဝ ခန့် ဖမ်းဆီးခံရ
DVB
·
August 3, 2018
ထိုင်းတွင် တရားမဝင် အလုပ်သမား နှိမ်နင်းရေး ပြန်စတင်၊ တရက်လူ ၁ဝဝ ခန့် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမား ဖမ်းဆီးနှိမ်နင်းရေးတွေ ခေတ္တငြိမ်သက် နေရာက ဒီသြဂုတ်လဆန်းပိုင်းမှာ စစ်ဆေးဖမ်းဆီးမှုတွေ ပြန်လည်စတင်နေပြီး ယမန်နေ့က မြန်မာလုပ်သား ၁ဝဝ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်က အလုပ်သမား မှတ်ပုံတင်ရေးလုပ်ငန်းတွေ အပြီးသတ်ဆောင်ရွက်ပေးအပြီး ထိုင်းအစိုးရက ဥပဒေနဲ့မညီတဲ့ အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နင်းမယ်လို့ ကြေညာခဲ့ပါတယ်။

ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက်(MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက “မယ်ဆိုင်ဂူထဲ ဝင်သွားတဲ့ တောဝက်ဘောလုံးအသင်းကိစ္စက ကြားဝင်သွားတော့ ထိုင်းဘုရင်ကြီးနဲ့ ဆွေတော်မျိုးတော်တွေရော၊ ထိုင်းအစိုးရတဖွဲ့လုံး၊ တပြည်လုံးက အဲဒီတောဝက်ဆီမှာပဲ အာရုံက ရောက်သွားတယ်။ အဲဒါကြောင့် ဖမ်းဆီးရေးစီမံချက်က ခဏလောက် ရပ်သွားတဲ့သဘော ဖြစ်သွားတယ်လေ၊ မနှစ်တုန်းက ဒီအချိန်ဆိုရင် လူ ၆၀၀၀ လောက် ဖမ်းပြီးသွားပြီ၊ ဒီနှစ်က တနိုင်ငံလုံးမှာ မြန်မာ၊ လော၊ ကမ္ဘောဒီးယား အလုပ်သမားအားလုံး ဖမ်းဆီးခံရတာ ၂၀၀၀ ပဲ ရှိတယ်

သြဂုတ် ၂ ရက်ကတော့ ထိုင်းနိုင်ငံ၊ ဘန်ဖရီမြို့နယ်မှာ ဥပဒေနဲ့မညီညွတ်တဲ့ မြန်မာလုပ်သား ၆၀ ဦး၊ ဖူးကစ်ခရိုင်ထဲမှာ ၃၀ ဦး ဖမ်းဆီးခံရပြီး မဲဆောက်ဈေးထဲမှာလည်း ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်ဆိုင်ဖွင့် ရောင်းတဲ့ မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပါတယ်။

“အဲဒီလို ဖမ်းဆီးလိုက်ရင် ထိုင်းဥပဒေအရ  အထောက်အထားမဲ့ အလုပ်သမားတွေဆိုရင် ထောင်ဒဏ် ငွေဒဏ်တပ်ပြီး မူရင်းနိုင်ငံ ပြန်ပို့၊ ထိုင်းထဲကို ၂ နှစ် ဝင်ခွင့် ပိတ်ပင်ခံရပါတယ်။  ဒါပေမယ့် အလုပ်သမားတွေကို တိုက်ရိုက်ပြန်မပို့ဘဲ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ တဆင့်လွှဲပေးဖို့ မြန်မာနိုင်ငံသံအမတ်တွေက တောင်းဆိုထားတယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းအစိုးရက အလုပ်သမား ဖမ်းဆီးရေးစီမံချက်တွေ ဆက်လုပ်တော့မှာမို့ အထောက်အထား မပြည့်စုံသူတွေ သတိ ဝီရိယနဲ့ နေထိုင်ကြဖို့  အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013