DVB Logo
Home
ဆောင်းပါး
ဂျိုင်ရိုကော်ပတာတွေစီးပြီး မြန်မာ့ရွာတွေပေါ်  ဗုံးကြဲဖျက်ဆီးနေတဲ့ စစ်သားများ
DVB
·
July 14, 2026
ဂျိုင်ရိုကော်ပတာတွေစီးပြီး မြန်မာ့ရွာတွေပေါ်  ဗုံးကြဲဖျက်ဆီးနေတဲ့ စစ်သားများ
Donate to DVB

ညသန်းခေါင်ကျော်ပြီ ဆိုတာနဲ့ သူတို့တွေ ပေါ်လာတတ်ပါတယ်။ မြန်မာ့ကောင်းကင်ယံမှာ ဖြည်းဖြည်းချင်း ဖြတ်ပျံလာကြတာပါ။ အရောင်တောက်တောက် လေထီးရွက်ဖျင်တွေအောက်မှာ သံဘောင်ငယ်လေးတွေ တပ်ဆင်ထားတဲ့ စက်တပ်လေထီး (Paramotor) တွေ ဖြစ်ပါတယ်။ လယ်ကွင်းတွေ၊ သစ်တောတွေ၊ မြစ်ကွေ့တွေနဲ့ ရွာလေးတွေပေါ်ကနေ ဖြတ်ပျံလာကြပါတယ်။

ဒီ “စက်တပ်လေထီး” တခုစီမှာ စစ်သား နှစ်ယောက် ဒါမှမဟုတ် သုံးယောက် စီးလာတတ်တယ်။ တယောက်က မောင်းပြီး ကျန်တဲ့သူတွေက ဗုံးတွေကို ကိုင်ထားကြတယ်။ ပန်ကာသံ တဒက်ဒက် မြည်နေတဲ့ အင်ဂျင်ငယ်လေးတွေနဲ့ မြေပြန့်ရွာလေးတွေဆီ ဦးတည်ပျံသန်းလာကြတာပါ။ အဲဒီနောက်မှာတော့ အင်ဂျင်ကိုပိတ်၊ အသံတိတ် ချဉ်းကပ်လာပြီး အမှောင်ထဲကနေ သူတို့ပါလာတဲ့ ဗုံးတွေကို ပစ်ချပါတော့တယ်။

ပျက်စီးဆုံးရှုံးမှုက ချက်ချင်းဆိုသလိုကို အတော်လေး ဆိုးရွားပါတယ်။ တိုက်ခိုက်မှုက မိနစ်အနည်းငယ်လောက်ပဲ ကြာပေမဲ့ တလုံးကို ၁၆ ကီလိုဂရမ် (၃၅ ပေါင်) လောက် အလေးချိန်ရှိတဲ့ ဗုံးတွေကို ဆက်တိုက်ဆိုသလို ပစ်ချတာပါ။ အိမ်တွေ ပျက်စီး၊ ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ပြိုကျပြီး အိပ်မောကျနေတဲ့ ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရကြပါတယ်။

ရွာလေးတွေမှာ အထိတ်တလန့်နဲ့ ရှုပ်ယှက်ခတ်သွားပြီး မိသားစုတွေ အမှောင်ထဲ ထွက်ပြေးကြရသလို၊ ကယ်ဆယ်ရေးသမားတွေကလည်း အပျက်အစီးတွေကြားထဲကနေ ဒဏ်ရာရသူတွေကို တူးဖော်ကယ်ဆယ်ကြရပါတယ်။

“လူတွေက ဗုံးခိုကျင်းတွေဆီ ပြေးဖို့ ကြိုးစားကြပေမဲ့ အချိန်မမီလိုက်တာက များတယ်” လို့ စက်တပ်လေထီးတွေနဲ့ အပြင်းအထန် ဗုံးကြဲခံနေရတဲ့ စစ်ကိုင်းတိုင်းက တက်ကြွလှုပ်ရှားသူ လွမ်းသူက ပြောပါတယ်။ 

“တိုက်ခိုက်ခံရပြီးရင် သေဆုံး ဒဏ်ရာရသူတွေ အများကြီးပဲ။”

များသောအားဖြင့် ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားထဲ ရှာဖွေကယ်ဆယ်နေတုန်းမှာပဲ သစ်ခုတ်စက်သံလိုမျိုး အင်ဂျင်သံတွေနဲ့အတူ လေထီးတွေ ပြန်ရောက်လာတတ်ပါတယ်။ ဒါကို “Double-tap” (နှစ်ကြိမ်ဆက် တိုက်ခိုက်ခြင်း) လို့ ခေါ်ပြီး ပထမဗုံးကွဲလို့ လာကူညီတဲ့သူတွေကိုပါ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်။

စစ်ပွဲဗျူဟာအသစ်

မြန်မာ့ပြည်တွင်းစစ် ၆ နှစ်မြောက်ထဲ ဝင်လာချိန်မှာ ၂၀၂၄ နှောင်းပိုင်းကစလို့ ခပ်ကျဲကျဲ စတင်ခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေဟာ အခုဆို နိုင်ငံတဝန်း အသုံးပြုလာတဲ့ ဗျူဟာတခု ဖြစ်လာနေပါပြီ။ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ ACLED အဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်မှာ စက်တပ်လေထီး သုံးတဲ့ဖြစ်စဉ် ၂ ခုပဲ ရှိခဲ့ပေမဲ့ ၂၀၂၅ မှာတော့ ၃၅၃ ခုအထိ ခုန်တက်သွားပါတယ်။ ဒီနှစ် ၂၀၂၆ ပထမ ၅ လအတွင်းမှာတင် တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ စစ်အာဏာရှင်ဟာ ဂျိုင်ရိုကော်ပတာ လို့ခေါ်တဲ့ အပေါ်ဒလက်ပါ ရဟတ်ယာဉ်ငယ်လေးတွေကိုပါ လေကြောင်းတိုက်ခိုက်ရေးမှာ ထပ်မံထည့်သွင်းလာပါတယ်။ သူက စက်တပ်လေထီးတွေထက် ပိုမြန်မြန်ပျံနိုင်၊ ပိုမြင့်မြင့်ပျံနိုင်ပြီး ခရီးပိုဝေးဝေးသွားနိုင်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်မှု ၆၉ ကြိမ်ရှိခဲ့ပြီး၊ ၂၀၂၆ ပထမ ၄ လအတွင်းမှာ ၇၄ ကြိမ် ရှိခဲ့တယ်လို့ ACLED က မှတ်တမ်းတင်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူ ရာနဲ့ချီရှိနေတယ်လို့ အချက်အလက်တွေက ဖော်ပြနေပေမဲ့ တကယ့်မြေပြင်က သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ 

ဒီလေယာဉ်အသစ်တွေနဲ့ ဆက်တိုက်ကို တိုက်ခိုက်ခံနေရတာပါလို့ လွမ်းသူက ပြောပါတယ်။ “သူတို့က ပြည်သူတွေ၊ ဆေးရုံတွေ၊ ဘာသာရေးပွဲတွေ၊ နေအိမ်တွေ... အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်နေတာ။”

မကြာသေးမီနှစ်တွေအတွင်း တော်လှန်ရေးအင်အားစုတွေက နယ်မြေတွေ သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။ အဲဒီအခါမှာ စစ်အာဏာရှင်ဟာ သူတို့ရဲ့ မြေပြင်တပ်တွေ မရောက်နိုင်တဲ့ နေရာတွေကို တိုက်ခိုက်ဖို့အတွက် သာမန်အားဖြင့် စွန့်စားရှာဖွေသူတွေ၊ ဝါသနာရှင်တွေပဲ သုံးလေ့ရှိတဲ့ ဒီလို ဖန်တီးပြုပြင်ထားတဲ့ လေယာဉ်ငယ်တွေကိုပါ လေကြောင်းအင်အားအဖြစ် တိုးချဲ့အသုံးပြုလာတာ ဖြစ်ပါတယ်။ 

ACLED ရဲ့ အာရှ-ပစိဖိတ်ရေးရာ အကြီးတန်းလေ့လာသုံးသပ်သူ ဆုမွန် က “ဒါက ဒီပဋိပက္ခမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခုပဲ။ နောက်ဆက်တွဲ ထိခိုက်နစ်နာမှုတွေကလည်း အင်မတန် ဆိုးရွားပါတယ်” လို့ ဆိုပါတယ်။

ပိတ်ဆို့မှုတွေကို ရှောင်ကွင်းခြင်း

တိုက်လေယာဉ်တွေနဲ့မတူဘဲ ဒီလေယာဉ်ပေါ့လေးတွေဟာ အခြေခံအဆောက်အအုံ သိပ်မလိုပါဘူး၊ ဆီနည်းနည်းပဲစားပြီး ဈေးလည်းပေါပါတယ်။ ဒါ့အပြင် ခြေရာခံဖို့ ခက်ခဲတဲ့အတွက် လေကြောင်းရန် ကြိုတင်သတိပေးစနစ်တွေကိုလည်း ရှောင်ကွင်းနိုင်တယ်။ ပုံမှန်လေယာဉ်မှူးတယောက် ဖြစ်ဖို့ နှစ်နဲ့ချီ အချိန်ယူရပေမဲ့ ဒီလေယာဉ်လေးတွေကို မောင်းဖို့ကတော့ စစ်သားတွေကို ရက်အနည်းငယ် သင်တန်းပေးလိုက်ရုံနဲ့ ရနေပါပြီ။

စီးပွားရေးအရ အလွယ်တကူ ဝယ်လို့ရတဲ့ စက်တပ်လေထီးတွေကို သုံးတာဟာ စစ်တပ်ကို လက်နက်မရောင်းဖို့ နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကိုလည်း ရှောင်ကွင်းရာ ရောက်နေပါတယ်။ 

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ရဲ့ သုတေသီ ရှေးနား ဘောက်ခ်နာက  “စစ်ကောင်စီက ဒီ စက်တပ်လေထီးတွေကို ဝယ်ယူ တပ်ဆင်ပြီး စစ်သားတွေကို တင်လွှတ်ကာ မော်တာကျည်တွေ ကြဲချခိုင်းနေတာပါ” လို့ ပြောပါတယ်။

မြေပြင်က အဖြစ်အပျက်များ

တိုက်ခိုက်မှုတွေက ပိုပြီး ကျယ်ပြန့်လာနေပါတယ်။ ACLED ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ မြို့နယ်ပေါင်း ၄၂ မြို့နယ်အထိ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး၊ ၂၀၂၆ ပထမ ၄ လအတွင်းမှာ နောက်ထပ် ၆ မြို့နယ် ထပ်တိုးလာပါတယ်။ တိုက်ခိုက်မှု ၂ ကြိမ်မှာ အနည်းဆုံး လူ ၁ ဦး သေဆုံးလေ့ရှိပြီး တချို့တိုက်ခိုက်မှုတွေမှာဆိုရင် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ ၂၀၂၅ ကစလို့ စက်တပ်လေထီးနဲ့ ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၂၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မူလတန်းကျောင်းတခုမှာ လုပ်နေတဲ့ ဘာသာရေးပွဲတခု တိုက်ခိုက်ခံရချိန်မှာ ကလေး ၃ ယောက် အပါအဝင် အနည်းဆုံး လူ ၂၄ ယောက် သေဆုံးခဲ့ပြီး ၆၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

မျက်မြင်သက်သေတဦးက “လေထီးတွေမှာ မီးရောင်မပါဘူး၊ အင်ဂျင်သံလည်း လုံးဝမကြားရဘူး။ နောက်မှ သိရတာက သူတို့က ကျောင်းဝင်းနားရောက်တော့ အင်ဂျင်ကိုပိတ်ပြီး လေထီးနဲ့ အသံတိတ် လျှောဆင်းလာတာ” လို့ Fortify Rights အဖွဲ့ကို ပြောပြခဲ့ပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ အမျိုးသမီးတဦးက “ကလေးတွေဆို တစစီကို ဖြစ်သွားတာပဲ။ နောက်တနေ့အထိ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုက်ကောက်နေရတုန်းပဲ” လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ဇန်နဝါရီလမှာ ဆားလင်းကြီးမြို့နယ်က ဆေးရုံတရုံကို ဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်ခဲ့လို့ ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ရပါတယ်။ နောက်တနေ့ အဲဒီဆရာဝန်ကြီးကို သင်္ဂြိုဟ်မယ့် သုသာန်ကိုလည်း ဂျိုင်ရိုကော်ပတာနဲ့ ထပ်ပြီး ဗုံးကြဲခဲ့ပါသေးတယ်။

မတ်လတုန်းက သူကိုယ်တိုင်ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကို လွမ်းသူက ပြန်ပြောပြရာမှာ... ညသန်းခေါင်ယံမှာ လေတပ်က ဂျက်ဖိုက်တာနဲ့ အရင်လာကြဲပြီး နောက်မှ စက်တပ်လေထီးတွေနဲ့ ထပ်တိုက်တာလို့ ဆိုပါတယ်။ 

“လူ ၃ ယောက်သေပြီး အဆောက်အအုံ ၅ လုံး ပျက်စီးသွားတယ်။ မနက်မိုးလင်းမှပဲ အလောင်းတွေကို ကောက်နိုင်တော့တယ်။”

ဇွန်လ ၁ ရက်နေ့မှာ သတင်းမီဒီယာတခုဖြစ်တဲ့ Mandalay Free Press က ဂျိုင်ရိုကော်ပတာ အန္တရာယ်ကနေ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ ပိုစတာတခု ထုတ်ပြန်ခဲ့ပါတယ်။ 

“ခိုင်ခံ့တဲ့ ဗုံးခိုကျင်းတွေမှာ ချက်ချင်း ဝင်ပုန်းပါ။ ရွာတွေ၊ လူနေထူထပ်တဲ့ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေနဲ့ စစ်တပ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်လို့ အဲဒီနေရာတွေကို ရှောင်ပါ” လို့ အဲဒီပိုစတာမှာ သတိပေးထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲခြင်းရဲ့ နောက်ဆက်တွဲ

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အကူအညီပေးရေးလမ်းကြောင်းတွေ အပြင်းအထန် ပိတ်ဆို့ခံထားရတာကြောင့် ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲက ပိုဆိုးရွားတယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရလို့ ချက်ချင်းမသေဘဲ ဒဏ်ရာရသွားတဲ့သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးကုသခွင့်ရဖို့က အတော်လေး အကန့်အသတ်ဖြစ်နေပါတယ်လို့ ရှေးနား ဘောက်ခ်နာက ပြောပါတယ်။ 

“တိုက်ရိုက်သေဆုံးသူ နည်းပေမဲ့ ဆေးကုသခွင့်နဲ့ အကူအညီမရလို့ နောက်မှ သေဆုံးရသူက ပိုများနေတယမျိုး ကျမတို့ ခဏခဏ ကြားနေရပါတယ်။”

စစ်အာဏာရှင်ဟာ သူတို့အာဏာသိမ်းပြီးကတည်းက မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။ HRW ရဲ့ အဆိုအရ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ၈၇၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ပုဂ္ဂလိကဆေးရုံတွေကို ပိတ်သိမ်းကာ ကျန်းမာရေးစောင့်ရှောက်မှုဌာန အနည်းဆုံး ၂၆၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေ့လာသူတွေနဲ့ လူ့အခွင့်အရေး သုတေသီတွေကတော့ ဒီလေယာဉ်လေးတွေကို သုံးလာတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုဆိုးလာတာကို ပြသနေတယ်လို့ ဆိုကြပါတယ်။ 

ရှေးနား ဘောက်ခ်နာက “ဒီလို စက်တပ်လေထီးတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ တိုက်ခိုက်နေတာဟာ စစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ရော၊ ရမ်းသန်းပြီးတော့ပါ စစ်ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေတာပါပဲ” လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က အနိမ့်ပျံသန်းတဲ့ လေယာဉ်တွေကို ကာကွယ်နိုင်စွမ်း အကန့်အသတ်ရှိနေတဲ့အတွက် လာမဲ့လတွေမှာ ဒီလို စက်တပ်လေထီးနဲ့ ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုတွေ နိုင်ငံတဝန်း ပိုများလာနိုင်တယ်လို့ ဆုမွန်က ခန့်မှန်းထားပါတယ်။ 

“နောက်ဆက်တွဲအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ အကြီးအကျယ် ထိခိုက်စေပါတယ်။ ပြည်သူတွေဟာ အမြဲတမ်း လုံခြုံမှုကင်းမဲ့ပြီး အကြောက်တရားတွေနဲ့ပဲ နေထိုင်နေကြရပါတယ်။” 

ဟာရိယက် ဘာဘာ

Ref: The Guardian 

(ယူကေအခြေစိုက် The Guardian သတင်းစာတွင်  Harriet Barber ရေးသားထားသည့် “How paragliding soldiers carrying bombs rain destruction on Myanmar’s villages” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013