DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရန် နေရာညှိနှိုင်းမရဖြစ်နေ
DVB
·
July 24, 2012
Donate to DVB

အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေရာသတ်မှတ်ရေး တဖက်နဲ့တဖက် အပြန်အလှန် ညှိနှိုင်းနေစဉ်မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့က ခေါင်းဆောင်တွေ သုံးကြိမ် အလွတ်သဘော တွေ့ဆုံအပြီးမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းဦးဆောင်တဲ့အဖွဲ့နဲ့ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ ဗန်းမော်မြို့မှာ တွေ့ဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့ပါတယ်။

ဒီကမ်းလှမ်းချက်ကို ကေအိုင်အိုဘက်က တိုက်ပွဲတွေဖြစ်နေချိန်မှာ ဗန်းမော်လို နေရာမျိုးမှာ မတွေ့ဆုံလိုသေးကြောင်း အကြောင်ပြန်ကြားပြီး လွယ်ဂျယ်မြို့ရဲ့ မြောက်ဘက် နှစ်မိုင်အကွာက ပရန်ငေါန်ကျေးရွာမှာ တွေ့ကြဖို့ ကေအိုင်အိုဘက်က ပြန်လည် ကမ်းလှမ်းပါတယ်။

မြန်မာအစိုးရဘက်က ဒီအဆိုပြုချက်ကို လက်မခံဘဲ မူဆယ်မြို့မှာ တွေ့ဖို့ ပြန်လည်ကမ်းလှမ်းပါတယ်။ ဒီကမ်းလှမ်းချက်ကို ကေအိုင်အိုဘက်က လက်မခံဘဲ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံရေးအတွက် နောက်ဆုံး ပြန်လည်ကမ်းလှမ်းထားပြီး အစိုးရဘက်က အကြောင်းမပြန်သေးဘူးလို့ ကေအိုင်အိုပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။

“တွေ့ဆုံမယ် နေရာကို လွယ်ဂျယ်မြို့နားမှာရှိတဲ့ ပရန်ငေါန်ကျေးရွာကို သတ်မှတ်တယ်။ အဲဒီနေရာကိုလည်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေကိုလည်း ပြပြီးပြီ၊ ဦးအောင်မင်းကိုယ်တိုင်လည်း အဲဒီနေရာကို လက်ခံတယ်။ အဲဒီနေရာမှာ ဆွေးနွေးမှု ပြုလုပ်ဖို့အတွက် အဆောက်အဦတွေ အားလုံး ဆောက်လုပ်ပြီးစီးသွားပြီ။ အဲဒါကြောင့် အလွတ်သဘော တွေ့ဆုံမှုကို အဲဒီနေရာမှာပဲ လုပ်စေချင်တယ်။ တကယ်လို့များ နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေ၊ အဆင့်တွေ တိုးမြှင့်လာမယ်ဆိုရင်တော့ နောက်တဆင့် ဘယ်နေရာဖြစ်ဖြစ် သွားလို့ရတယ်။”

ဦးအောင်မင်းနဲ့ ကေအိုင်အိုခေါင်းဆောင်တွေ တွေ့ဆုံပွဲအပြီးမှာ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ ပေါ်ထွက်ပေမယ့် တိုက်ပွဲတွေဆက်ဖြစ်တာ အခုဒီလအတွင်း ဇူလိုင် ၂၄ ရက်အထိ ရှစ်ဆယ့်သုံးကြိမ် ဖြစ်ပွားခဲ့ပြီးပြီလို့ ဆိုပါတယ်။ တနှစ်ကျော်ကြာတိုက်ပွဲကြောင့် စစ်ပြေးစစ်ရှောင်ဒုက္ခသည် သောင်းပေါင်းများစွာ ထွက်ပြေးနေရပါတယ်။

ကေအိုင်အိုနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အစပိုင်းတွေမှာ အဆင်ပြေချောမွေ့ပေမယ့် တပ်တည်နေရာချထားရေးအပိုင်းကို ရောက်ရင် ကြန့်ကြာနေတာ အရင်အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း လက်ထက်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကက တပ်တွေရဲ့ နေရာချထားရေးက အရေးကြီးတယ်။ တပ်တွေက အခုလည်း တိုးလာတုန်းပဲ။ ဗန်းမော်ဘက်က တက်လာတဲ့ တပ်မဟာ ၃ တပ်ဘက်မှာလည်း စစ်အင်အားတွေ ဖြည့်တင်းနေတာ တွေ့ရတယ်။ ဒီလိုမျိုး ရှိနေသရွေ့ကတော့ တပ်တွေရဲ့လှုပ်ရှားမှု တိုးလာနေသမျှတော့ တွေ့ဆုံဆွေးနွေးမှုက အရာရောက်မယ်မထင်ပါဘူး။”

အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီမှာ ဒုတိယသမ္မတ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ဒုတိယ ဥက္ကဋ္ဌတွေ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဟာ ကေအိုင်အို လှုပ်ရှားနယ်မြေဖြစ်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013