DVB Logo
Home
Lead Story
သံလွင်မြစ်ကမ်းက ကျေးရွာများ ရေဘေးအခြေအနေ - ဒေါက်တာညိုညိုသင်းနှင့် မေးမြန်းချက်
DVB
·
August 3, 2018
သံလွင်မြစ်ကမ်းက ကျေးရွာများ ရေဘေးအခြေအနေ - ဒေါက်တာညိုညိုသင်းနှင့် မေးမြန်းချက်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်ဘေးတလျှောက်က ကျေးရွာတွေမှာ ရေကြီးရေလျှံမှုနေပြီး ကူညီကယ်ဆယ်ရေးတွေ မရောက်သလို သွားရောက်ကူညီဖို့ အရမ်းခက်ခဲတယ်လို့ မနေ့က အဲဒီဒေသကို သွားရောက်ကူညီခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ရေဘေးကူညီကယ်ဆယ်မှုနဲ့ ဒေသတွင်း ရေလွှမ်းမိုးမှု အခြေအနေနဲ့ ပတ်သက်လို့  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ဘားအံကနေ သံလွင်မြစ်အတိုင်း ၂ နာရီလောက် သွားရတဲ့ နေရာတွေမှာ ရေနစ်မြုပ်ပြီး ဒေသခံတွေ အကူအညီမရဘူးလို့ သိရပါတယ်၊ အဓိက ဘယ်ရွာတွေလဲ။

ဖြေ - “ဒေသခံတွေက ရွာတွေအများကြီး ပြောတာပေါ့။ အန်တီမှတ်မိတာကတော့ ကိုယ်သွားခဲ့တဲ့ မော်တော်ရပ်ခဲ့တဲ့ နှစ်နေရာ ၂ ရွာပေါ့နော်။ ကော့ဖျံနဲ့ ရေပေါ်သောင်ရွာပေါ့နော်။ အဲတော့ အဲနားမှာ ကိုယ်နာမည်မမှတ်မိတဲ့ ရွာလေးတွေ အများကြီးပဲ ရှိတယ်ပေါ့နော်။ သူတို့က သိပ်သနားဖို့ကောင်းတယ်။ မီးလည်းမရှိကြဘူးလေ။ သူတို့ဖုန်းတွေကလည်း မီးစက်နဲ့ ဘုန်းကြီးကျောင်းမှာ သွားသွားသွင်းရတယ်။ ရတဲ့အခါရတယ်။ မရတဲ့အခါ မရဘူး။ အဲဒီမှာ ရွာတွေ ရာချီရှိတယ်တဲ့။ အဲလိုပြောတယ်။ ဒါပေမယ့် ကြည့်တာတော့ ရေပြင်တွေကြီးပဲ တွေ့ရတယ်။ အန်တီသွားတဲ့ ၂ ရွာကတော့ ရွာကြီးတွေဖြစ်တဲ့အတွက်ကြောင့် သူတို့အိမ်တွေက ရှိတဲ့လှေလေးတွေနဲ့ ထွက်လာတယ်။ ရေပေါ်သောင်ရွာကတော့ လှေတွေအများကြီး ထွက်လာနိုင်တယ်။ ကော့ဖျံရွာကတော့ လှေသုံးလေးစီးပဲ ထွက်လာနိုင်တာပေါ့။ ဘုန်းကြီးကျောင်းမှာ ပစ္စည်းတွေထားပြီးတော့ လူတွေကို ခေါ်ရတယ်ပေါ့နော်။ အဲတော့ လူတွေက မြို့ပေါ်က ရေဘေးစခန်းတွေကို မသွားကြဘူး။ သူတို့အိမ်မှာပဲ ဆင့်လေးတွေထိုးပြီး နေကြတာပေါ့နော်။ ရေကလည်း ကျသင့်သလောက် မကျဘူးပေါ့နော်။ အဲတော့ တော်တော်လေးကို အဲဒီမှာ ဒုက္ခရောက်နေတယ်။ ကယ်ဆယ်ရေးအဖွဲ့ဆိုလို့ အန်တီတို့က ပထမဆုံး ရောက်သွားတာပဲလို့ သူတို့ပြောတယ်ပေါ့နော်။”

မေး - အဲဒီရွာတွေမှာ ရေက ဘယ်လောက်တက်နေလဲ။ ရေကြီးမှုအခြေအနေက ဘယ်လောက်ဆိုးရွားနေပါလဲ။

ဖြေ - “ကော့ဖျံရွာဆိုရင် လူက လည်ပင်းရောက်တယ်။ ရေပေါ်သောင်ရွာကျတော့ ဒီဘုန်းကြီးကျောင်းပတ်လည်မှာ ဘုန်းကြီးကျောင်းအထိကို အန်တီတို့ ရောက်အောင်သွားတယ်။  အဲဒီဘုန်းကြီးကျောင်းပတ်လည်မှာ ခါးလောက်ရှိတဲ့နေရာတွေ ရှိတာပေါ့နော်။ ခက်တာက အောက်မှာ ဘာရှိလို့ရှိမှန်းမသိဘူး။ နုန်းတွေရှိတယ်။ တခါတလေကျတော့လည်း သောင်ဖြစ်တယ်။ ကျောက်တွေ၊ သဲတွေသယ်တဲ့ လှေအကြီးကြီးသွားတာတောင်မှ ခဏခဏ သောင်ကို သွားတိုက်တယ်ပေါ့နော်။ ပြီးတော့ ရေပြင်ကြီးက ဘယ်နေရာက ချောင်း၊ ဘယ်နေရာက သောင်ဆိုတာ မသိဘူးပေါ့နော်။ အဲတော့ သွားရလာရတာလည်း တော်တော်လေးကို အန္တရာယ်များတယ်ပေါ့နော်။ ရေစီးကလည်း တအားသန်တယ်။ နောက်ပြီးတော့ သံလွင်မြစ်ကို ဆန်တက်တဲ့နေရာမှာ အခုန အန်တီ ၂ နာရီလောက်လို့ ထင်တာပေါ့နော်။ အမှန်တော့ အန်တီတို့သွားတာ ၃ နာရီခွဲကြာတယ်။ အပြန်ကတော့ မြန်တယ်။ ရေဆုန်က ၁ နာရီပဲကြာတယ်။ အသွားကတော့ ၃ နာရီခွဲတိတိ ရေပေါ်သောင်ကို ရောက်ဖို့ သွားရတယ်။”

မေး - အဲဒီဘက်က ရွာတွေမှာ ရေဘေးသင့် ဒေသခံရွာသားတွေ အဓိက ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့နေရလဲ။

ဖြေ - “သူတို့က ကော့ဖျံရွာဆိုရင် လူတွေက စကားတောင်မှ ဟဟ မပြောနိုင်ကြဘူးပေါ့နော်။ ထိတ်လန့်တုန်လှုပ်နေတာပေါ့နော်။ ရေပေါ်သောင်ရွာကတော့ ပြောရဲဆိုရဲ ရှိသေးတာပေါ့နော်၊ အဲတော့ ကယ်ဆယ်ရေးမလာဘူးဆိုတော့ အဲဒီမှာရှိတဲ့ ဆရာမလေးတွေ၊ အုပ်ချုပ်ရေးမှူးတွေက အရပ်ဘက်အဖွဲ့အစည်းတွေကို လှမ်းပြီးတော့ အကူအညီ တောင်းတာပေါ့နော်။ ခက်တာက အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အဖွဲ့သေးသေးလေးတွေ ဆိုလို့ရှိရင် အဲဒီကို လှေသေးသေးလေးတွေနဲ့ မသွားရဲဘူး။ သံလွင်မြစ်ရေက ရေစီးတာ ကြမ်းတဲ့အတွက်ကြောင့်မို့လို့ လှေကြီးတွေ အခုနကလို သဲ ကျောက်လှေတွေနဲ့ပဲ သွားလို့ရတယ်ပေါ့နော်။ အဲဒီ သဲကျောက်လှေကြီးတွေကလည်းပဲ သွားရင်   ၂ သိန်းလောက်ကုန်တယ် ပြောတယ်။ တစီးကိုလေ။

"ဆိုတော့ ပရဟိတ သေးသေးလေးအဖွဲ့တွေ အနေနဲ့က အလှူခံပြီးလို့ရှိရင် အဲဒီလို ၂ သိန်းတန် စက်လှေကြီး ငှားဖို့က ခက်တယ်။ ဒါကြောင့်မို့ ပရဟိတအဖွဲ့ တော်တော်များများက ဘားအံမြို့ပေါ်က ရေဘေးကယ်ဆယ်ရေးမှာ အန်တီတို့အဖွဲ့က လိုက်ကြည့်တာတွေကပဲ သုံးခုထက်မနည်းဘူးပေါ့နော်။ အဲဒီ ရေဘေးကယ်ဆယ်ရေး စခန်းမှာလည်း လူတွေအများကြီးပဲ။ အဲတော့ တော်တော်များများ ပရဟိတသမားတွေက ဘားအံမြို့ပေါ်က ရေဘေးကယ်ဆယ်ရေး စခန်းတွေပဲ သွားကြတာ များတယ်ပေါ့နော်။ နောက် မြို့နားပတ်ဝန်းကျင်ပဲ သွားကြတာများတယ်။ အဲဒီ ဝေးလံခေါင်သီတဲ့ ဒေသတွေကို သွားဖို့ တော်တော်လေးကို အခက်တွေ့ကြတယ်ပေါ့နော်။”

မေး - အဲဒီဘက်မှာက ရေဘေးသင့်ပြည်သူ လူဦးရေ ဘယ်လောက်လောက်ရှိနေလဲ။

ဖြေ - “ရေပေါ်သောင်ရွာမှာဆိုလို့ရှိရင် အိမ်ထောင်စု ၂ဝဝ နီးပါး ရှိတယ်ပေါ့နော်။ ကော့ဖျံရွာကလည်း ၁၅ဝ-၂ဝဝ လောက်တော့ ရှိမယ်။”

မေး - အဲတော့ ရေကြီးမှုကြောင့် ထိခိုက်သေဆုံးတဲ့လူတွေရော ရှိလား။

ဖြေ - “အန်တီတို့ အဲလောက်ထိ လိုက်မမေးဘူး။ လူတွေကိုလေ ပွင့်ပွင့်လင်းလင်းပြောရရင် လူတွေကို လိုက်ကြည့်ပြီးတော့ အန်တီရှော့ရပြီးတော့  အရမ်း ရင်တွေစို့ပြီးတော့လေ ဘာမှကို မမေးချင်ဘူး။ သူတို့ပြောတဲ့လူက လာပြောတာကိုပဲ နားထောင်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီတော့ သူတို့ကိုကြည့်ပြီးတော့ အိပ်လို့လည်းမရဘူး။ ရှော့ရပြီးတော့ သူတို့ပြောတာကိုပဲ နားထောင်ပြီးတော့ အူတူတူနဲ့ကို အရမ်းအံ့သြလို့ လူတွေဖြစ်ပြီးတော့ ဒီလိုမျိုးဖြစ်ရတာ ဒီတိုင်းပြည်မှာ နေနေရတာ တော်တော်လေးကို လူတွေက ကံဆိုးပါလား ဆိုပြီးတော့လေ။ အဲလိုမျိုး အမြင်အသိနဲ့ အန်တီက တော်တော်ရှော့ရလာတာပေါ့။

“နာဂစ်တွေ ဘာတွေတုန်းကလည်း အန်တီက ဒီတိုင်းပြည်မှာမရှိဘူး။ မကြုံဖူးဘူးလေ။  မကြုံဘူးတော့ အန်တီက ဒီလောက်ကြီး မျက်မြင်ကိုယ်တွေ့၊ အန်တီက ၁ဝ ရွာလောက် ရှိမှာပေါ့ဆိုပြီး၊ ဘယ်ကလာ အဲဒီမှာ ရွာတွေ ရာချီပြီးရှိတယ်ဆိုပြီး သူက စီပြီးပြောသွားတာ။ ရွာနာမည်တွေကို ပြောသွားတာ အန်တီကတော့ မမှတ်နိုင်ဘူးပေါ့။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013