DVB Logo
Home
မြန်မာသတင်း
‘Made in Myanmar’ ထုတ်ကုန်များ ရောင်းချရန် ဒုသမ္မတ ဦးမြင့်ဆွေ တိုက်တွန်း
DVB
·
August 3, 2018
‘Made in Myanmar’ ထုတ်ကုန်များ ရောင်းချရန် ဒုသမ္မတ ဦးမြင့်ဆွေ တိုက်တွန်း
Donate to DVB

အရည်အသွေးပြည့်မီတဲ့  ‘Made in Myanmar’ ထုတ်ကုန်တွေကို လေဆိပ်တွေ ကားဂိတ်တွေမှာ ကောင်တာတွေ ဖွင့်လှစ် ရောင်းချနိုင်ရေး ဆောင်ရွက်ကြဖို့ ဒုသမ္မတ ဦးမြင့်ဆွေက တိုက်တွန်းပြောပါတယ်။

သြဂုတ် ၂ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှာ ကျင်းပတဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်တာပါ။

“ပြည်တွင်း စူပါမတ်ကတ်များ၊ ဒေသတွင်း အရောင်းခန်းမများမှာ နေရာစီစဉ်ပြီး ရောင်းချခွင့်ပေးခြင်းများ ဆောင်ရွက်စေလိုပါကြောင်း၊ ဒေသအလိုက် အားပေးမြှင့်တင်ခြင်းဖြင့် ကျေးလက်ဒေသတွင် အငယ်စား၊ အသေးစားလုပ်ငန်းများ များပြားလာမည် ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်မီသည့် ‘Made in Myanmar’ ထုတ်ကုန်များကို လေဆိပ်များ၊ ကားဂိတ်များ၊ ထင်ရှားသည့် နေရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့်  စူပါမတ်ကတ်များ၌ ကောင်တာများ ဖွင့်လှစ်ရောင်းချနိုင်ရေးကို မိမိဒေသ၏ အခြေခံ အဆောက်အဦ အခြေအနေအရ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း အစည်းအဝေးပွဲကြီးများနှင့် ပွဲလမ်းသဘင်များ၌ ၎င်းနိုင်ငံ၏ MSMEs ထုတ်ကုန်များအား ပြသသည်ကို တွေ့ရပါကြောင်း။”

မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs) တွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ လယ်ယာထွက်ကုန်တွေကို Value Added ပြုလုပ်ပြီး စားသောက်ကုန်တွေအဖြစ် ဆောင်ရွက်နေတာကို တွေ့ရတယ်၊ ထုတ်ကုန်တွေကို စနစ်တကျစစ်ဆေးမယ့် စမ်းသပ်ကိရိယာမရှိတဲ့ အပြင် FDA လက်မှတ် မရှိကြလို့  ဈေးကွက်က ယုံကြည်လက်ခံဖို့ အားနည်းနေတယ်လို့ ဒုသမ္မတက ပြောပါတယ်။

ဒါကြောင့် ဝန်ကြီးဌာနတွေရှိ  Laboratory Test Center တွေမှာ စစ်ဆေးခွင့်ပေးတာ၊ ထုတ်ကုန်အရည်အသွေး ပြည့်မီမှု Certificate ထုတ်ပေးတာနဲ့ SME Logo တရားဝင် ထုတ်ပေးဖို့လည်း တိုက်တွန်းသွားပါတယ်။

အစည်းအဝေး တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထိရောက်တဲ့ ချေးငွေရရှိဖို့ လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပြည်သူတွေကို ချေးငွေ နည်းပညာပိုင်း ပေးနိုင်အောင် ကြိုးစားရမယ်။ ဒါဟာ အစိုးရပိုင်းက လုပ်ဆောင်ပေးရမယ့် အခြေအနေတခု ဖြစ်ပါတယ်။ တဖက်က အခက်အခဲ ဖြစ်နေတဲ့ ကိစ္စရပ်တွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်တွေကို ဒီဘတ်ဂျက်နှစ်တခုရဲ့ အစတိုင်းမှာ တင်ပြတဲ့ အခွန်အကောက်ဥပဒေတွေနဲ့ ပတ်သက်ရင် ကျနော်တို့ ကြိုတင်ပြီး ပြင်ဆင်သင့်တယ်။ SME တွေကို အခက်အခဲမဖြစ်စေဘဲ အကာအကွယ်ပြုနိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ကျနော်တို့ အခွန်အတုပ် ဥပဒေတွေကို ပြင်ဆင်ပြီးမှ လွှတ်တော်ကို တင်ပြခြင်းအားဖြင့် မြန်မြန်ဆန်ဆန် အောင်မြင်မှုကို ရနိုင်မှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

FDA က ချမှတ်ထားတဲ့ မူဘောင်တွေဟာ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေကို ပိတ်ထားသလို ဖြစ်နေပြီး ဒါတွေကို နည်းလမ်းတရပ်နဲ့ ခွင့်ပြုပြီးတော့ နိုင်ငံတကာရဲ့ ပို့ကုန်အဖြစ် တက်လှမ်းနိုင်ဖို့ လမ်းတွေ ဖွင့်ပေးသင့်တယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပါသေးတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ “အလားအလာကောင်းတဲ့ လုပ်ငန်းလေးတွေကျတော့ ချေးလို့ မရဘူးပေါ။ အဲဒါလေးတွေ ဆွေးနွေးကြတယ်ပေါ့။ တော်တော်များများက ဒီအပေါ်မှာ မူတည်ပြီး ပြောတာပေါ့။ နောက်တချက်က အတိုးနှုန်းမြင့်နေတာကို ထပ်လျှော့လို့ မရဘူးလား ဆိုတာပေါ့။ ဗဟိုဘဏ်ကနေ အတိုးနှုန်းမယူဘဲနဲ့ ချေးလို့ မရဘူးလားပေါ့။ အဲဒါလည်း မရပါဘူး။ နောက်တခုက လျှပ်စစ်ထုတ်လုပ်တဲ့ လုပ်ငန်းလေးတွေကို ခွင့်ပြုပေးဖို့ပေါ့။ ပြည်နယ်တွေမှာ စက်မှုလုပ်ငန်း တိုးတက်ဖို့အတွက် ကူညီပေးစေချင်တယ်”လို့ ဆွေးနွေးပွဲအပြီး သတင်း မီဒီယာတွေကို ပြောပါတယ်။

အစည်းအဝေးကို လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဝန်ကြီးချုပ်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013