DVB Logo
Home
Lead Story
စီးပွားရေးတိုးတက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍ
DVB
·
August 3, 2018
စီးပွားရေးတိုးတက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍ
Donate to DVB

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေး အခြေခံနိုင်ငံ ဖြစ်တာမို့ စီးပွားရေး တိုးတက်မှုမှာ စိုက်ပျိုးရေးကဏ္ဍဟာ အရေးပါတယ်လို့ ကောက်ချက်ချ ပြောဆိုလို့ရပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ လယ်ယာကဏ္ဍနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာ ဖြစ်သလို ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာလည်း စိုက်ပျိုးရေးကဏ္ဍဟာ ၃၈ ရာခိုင်နှုန်းနီးပါး ပါဝင်နေပါတယ်။

စိုက်ပျိုးရေးကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှု

မြန်မာ့ GDP မှာ ၃၈ ရာခိုင်နှုန်းအထိ ပါဝင်နေတဲ့ စိုက်ပျိုးရေးကဏ္ဍဟာ စီးပွားရေးတိုးတက်မှုမှာ အရေးပါပေမယ့် တကယ်တမ်းမှာတော့ စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုဟာ သိသိသာသာ တိုးတက်မလာခဲ့ပါဘူး။ လယ်ယာကဏ္ဍကနေရတဲ့ ပို့ကုန်ဝင်ငွေဟာ ဦးသိန်းစိန် လက်ထက်ရော၊ ဒီဘက်ခေတ် အန်အယ်လ်ဒီအစိုးရ လက်ထက်ရော နှစ်ခုစလုံးမှာ သိသာစွာ တိုးတက်မလာတာကို စာရင်းဇယားတွေအရ သိရပါတယ်။ လယ်ယာကဏ္ဍ ပို့ကုန်ဝင်ငွေဟာ ၂၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာပဲ လုံးလည်ချာလည်နဲ့ တိုးတက်မလာခဲ့ပါဘူး။

လယ်ယာကဏ္ဍ အဓိကပို့ကုန် ဆန်

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ပို့ကုန်တွေထဲမှာ ဆန်ဟာ အဓိကလယ်ယာထွက်ကုန် တခုလည်း ဖြစ်ပါတယ်။ ပြည်ပဆန်တင်ပို့မှုဟာ တဖြည်းဖြည်း မြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဆန်တန်ချိန် ၃ ဒသမ ၅ သန်း တင်ပို့နိုင်ခဲ့ပြီး မြန်မာ့ဆန် ပြည်ပတင်ပို့မှုသမိုင်းမှာ စံချိန်တင်ခဲ့တယ်လို့ ပြောရမှာပါ။ နှစ်စဉ် ဆန်တန်ချိန် ၁ သန်းကျော်နဲ့ ၂ သန်းဝန်းကျင် တင်ပို့မှု ရှိနေတာကနေ ၃ သန်းကျော် တင်ပို့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတန်ချိန်ပမာဏဟာ တကယ်တမ်း ဒေသတွင်းက ဆန်ထိပ်သီးတင်ပို့နေတဲ့ ထိုင်းတို့ ဗီယက်နမ်တို့နဲ့ယှဉ်ရင် နည်းပါးနေပါသေးတယ်။ ထိုင်းနိုင်ငံဟာ တနှစ်ကို ဆန်တန်ချိန် ၉ သန်းကျော် ၁ဝ သန်းဝန်းကျင် ပို့နေတာပါ။ ထိုင်းဟာ ဒီနှစ်မှာလည်း တန်ချိန် ၉ သန်းခွဲလောက် တင်ပို့ဖို့ မှန်းထားတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အလားတူ ဗီယက်နမ်ဟာလည်း ဒီနှစ်မှာ တန်ချိန် ၆ သန်းခွဲလောက် တင်ပို့ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေးကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

စိုက်ပျိုးရေးကဏ္ဍကို အားပေးရာမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာနဲ့ အရင်းအနှီးတွေ များစွာ လိုအပ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်ထိ စီးဝင်နေပြီလဲ မေးစရာရှိပါတယ်။ ဦးသိန်းစိန် လက်ထက်ရော၊    အခုအစိုးရလက်ထက်ရော အနည်းငယ်လေးသာ ဝင်ပြီး အရမ်းနည်းလွန်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက စာရင်းတွေအရဆိုရင် စိုက်ပျိုးရေးကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏဟာ စုစုပေါင်းဝင်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ဝ ဒသမ ၅၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး။

လက်ရှိအချိန်မှာတော့ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းက ဖြည်းဖြည်းချင်း ပြန်တက်နေတယ်လို့ ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က ခန့်မှန်းပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ စိုက်ပျိုးရေးကဏ္ဍဟာ အရေးပါတယ် ဆိုပေမယ့် ကိန်းဂဏန်းတွေနဲ့ ကုန်ထုတ်လုပ်မှုအပိုင်း လုပ်ဆောင်နိုင်ခဲ့ပုံတွေကို ကြည့်ရင် လယ်ယာကဏ္ဍဟာ သိပ်ပြီး ရှေ့မရောက်လာခဲ့ပါဘူး။

တိတိကျကျနဲ့ အချိန်ကာလတခုကို ပိုင်းပြီး ပြောရရင် စစ်အစိုးရကနေ အပြောင်းအလဲ စလုပ်တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ၅ နှစ်နဲ့ ဒီဘက်အစိုးရလက်ထက် ၃ နှစ်၊ စုစုပေါင်း ၈ နှစ်တာ ကာလအတွင်းမှာ လယ်ယာကဏ္ဍ ပို့ကုန်တိုးတက်မှုဟာ ထူးထူးထွေထွေ ပြောစရာရှိအောင် မဖြစ်ခဲ့ဘူးဆိုတာပါပဲ။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013