DVB Logo
Home
မြန်မာသတင်း
ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့များ အလုပ်သမားဝန်ကြီးနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီ
DVB
·
July 24, 2012
ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအဖွဲ့များ အလုပ်သမားဝန်ကြီးနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီ
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ၀န်ကြီးထံ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ခွင့်ပြုလိုက်ပါတယ်။

[caption id="attachment_28327" align="alignright" width="300" caption="မြန်မာအလုပ်သမားအဖွဲ့များနှင့် အလုပ်သမားဝန်ကြီး တွေ့ဆုံနေစဉ်"][/caption]

ဇူလိုင် ၂၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တချို့နဲ့ တွေ့ဆုံရာမှာ ၀န်ကြီးဦးအောင်ကြည်က တိုက်ရိုက်ဆက်သွယ်ခွင့် လမ်းဖွင့်ပေးလိုက်တာလို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။

“အရှေ့တောင် အာရှမှာ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်အားဖြင့် မြန်မာအလုပ်သမားတွေ အများဆုံး ဖြစ်တယ်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း အများဆုံး ဖြစ်တယ်။ ဒီကို အနှစ် ၁၀၊ ၂၀ လောက် လာပြီး နေကြတဲ့သူတွေ ဖြစ်တယ်။ အခုလို အသွင်ကူးပြောင်းရေးကာလမှာ ဒီလူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ အတွက် ဖိတ်ခေါ်တာပေါ့။ နောက်ပြီးတော့ ဆောင်ရွက်စရာ ကိစ္စတွေ ရှိလို့၊ ပြောစရာ တင်ပြစရာတွေရှိရင် တဆင့်ခံစရာမလိုဘဲ သူ့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ သူက လမ်းဖွင့်ပေးသွားတယ်။”

ဒီတွေ့ဆုံပွဲမှာ ၀န်ကြီးဦးအောင်ကြည်က သူ့ကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းနံပတ်တွေနဲ့ ဆက်သွယ်နိုင်မယ့်အချိန်ပါ ကတ်ပြားတွေကို ဝေငှပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပါလျက်နဲ့ နိုင်ငံအနှံ့ သွားလာခွင့် ပိတ်ပင်ခံနေရတဲ့ မြန်မာအလုပ်သမားတွေ အရေးနဲ့ ပတ်သက်ပြီး အဲ့ဒီလိုကိစ္စမျိုးကြုံရင် မြန်မာသံရုံးကို ချက်ချင်း ဆက်သွယ် အကြောင်းကြားဖို့ ၀န်ကြီးဦးအောင်ကြည်က မှာကြားခဲ့ကြောင်းလည်း သိရပါတယ်။

ထိုင်းနိုင်ငံထဲ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူး လက်မှတ် လုပ်ဆောင်ရာမှာ ကြန့်ကြာနေတဲ့ကိစ္စရပ်တွေ အပါအ၀င်၊ နှစ်နိုင်ငံသဘောတူညီချက်နဲ့ အလုပ်လာလုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ၀န်ကြီးက အခုလို တိုက်ရိုက်ဆက်သွယ်ဖို့ လမ်းဖွင့်ပေးရုံနဲ့ အဆင်ပြေနိုင်မလားဆိုတာ တွေ့ဆုံပွဲ တက်ခဲ့တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောပါတယ်။

“အစိုးရသမ္မတနဲ့ ၀န်ကြီးက ဘယ်လောက်ပဲ အကောင်အထည်ဖော် လုပ်ဆောင်နေပါစေ၊ အဲဒီလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာအဆင့်ဆင့်နဲ့ မြန်မာပွဲစားတွေအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အဲဒီကိစ္စတွေကိုလည်း ၀န်ကြီးဌာနတွေအနေနဲ့ ပြန်စိစစ်ဖို့လိုတယ်လို့ ကျနော်တို့အနေနဲ့ ထောက်ပြခဲ့ပါတယ်။ ၀န်ကြီးကတော့ လိုလိုလားလား လက်ခံတဲ့သဘောထားရှိတယ်။ ကျနော်တို့နဲ့လည်း နောက်ပိုင်း လာပြီးတော့ သီးသန့်တွေ့မယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။”

အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှာ လိုက်ပါလာရင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ အခုလို တွေ့ဆုံခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဒီနေ့ ၀န်ကြီးနဲ့ ဘန်ကောက်မှာတွေ့ဆုံခဲ့ကြတဲ့ အဖွဲ့တွေကတော့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ တိုင်းရင်းသား အလုပ်သမားကျန်းမာရေးနှင့်ပညာပေးရေး အစီအစဉ် (မက်ဖောင်ဒေးရှင်း)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက်တို့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက် အလုပ်လုပ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013