DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း အလှမယ်များပါဝင်သည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပညာပေး
DVB
·
August 3, 2018
စစ်ကိုင်းတိုင်း အလှမယ်များပါဝင်သည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပညာပေး
1 / 8
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှုကို စစ်ကိုင်းတိုင်း အလှမယ်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တက်တူးချစ်သူတွေ၊ သက်ဆိုင်ရာ မစက၊ ကညန၊ စည်ပင်တို့ ပူးပေါင်းပြီး သြဂုတ် ၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

“ယာဉ်မတော်တဆမှုတွေများတယ်။ ဆိုင်ကယ်က ပိုများတယ်။ အပြစ်မဲ့ပြည်သူတွေ ယာဉ်မတော်တဆမှုတွေကြောင့် အန္တရာယ်မဖြစ်စေချင်လို့ အခုလို လိုက်ပါကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်” လို့ အလှမယ်တဦးက ပြောပါတယ်။

မုံရွာမြို့မှာ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကုန်ထိ ယာဉ်မတော်တဆမှုပေါင်း ၉၈ မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်အချင်းချင်းတိုက်မှု ၂၆ မှု၊ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တိုက်မှု ၂၉ မှု၊ မော်တော်ယာဉ်အချင်းချင်းတိုက်မှု ၄ မှုနဲ့ အခြားယာဉ်တိုက်မှု ၃၉ မှုဖြစ်ပွားခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၁၅၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီ ၄ ဦးတို့ သေဆုံးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုတွေမှာ ဆိုင်ကယ်ပါဝင်ပတ်သက်မှုက ၈၃ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

“ကျနော်တို့အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲတွေကို တက္ကသိုလ်နဲ့ အခြေခံပညာကျောင်းတွေအပါအဝင် အကြိမ် ၈၀ လောက်ရှိသွားပြီ။ ပြီးရင် ခရိုင်အတွင်း မြို့နယ်တွေ၊ အဝေးပြေးလမ်းတွေမှာ လိုက်ပြောမယ်။ ပညာပေးတာတွေလုပ်ပြီးရင် စစ်ဆေးအရေးယူမှာပါ။ ပညာပေးတဲ့အပိုင်းက မလိုဘူး။ ပိုတောင်ပိုနေတယ်။ သို့သော် လိုက်နာမှု အားနည်းနေတယ်။ ယာဉ်အစီးရေတွေ များလာတယ်။ လူဦးရေတိုးလာတယ်။ မြို့ပြဖွံ့ဖြိုးမှုတွေ တိုးတက်လာတာဖြစ်လို့ ယာဉ်တိုက်မှုကတော့ နေရာတိုင်းမှာ လျော့တာတော့မရှိဘူး။ တိုးတက်နေတာပဲ။ ဒီလိုအသိပညာပေးတာကလည်း တွေ့တဲ့သူ နားလည်တဲ့သူက ဆင်ခြင်သွားမယ်ဆိုရင် အကျိုးအမြတ်ရတာပဲ” လို့ အမှတ် ၁၇ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲက ရဲမှုးကိုကိုနိုင်က ပြောပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးမှုတွေကို မုံရွာမြို့မှာ အရပ်ဖက်အဖွဲ့တွေ၊ တာဝန်ရှိသူတွေက မကြာခဏလုပ်ဆောင်နေပေမယ့် လုပ်တဲ့အချိန်မှာသာ လိုက်နာပြီး ကျန်တဲ့အချိန်တွေမှာတော့ စည်းကမ်းပျက်သွားလာနေဆဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း ယာဉ်ထိန်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်ပေါ့လျော့တာတွေ၊ အဖမ်းအဆီးအားနည်းတာတွေကြောင့်ဖြစ်တယ်လို့လည်း ဝေဖန်တာတွေရှိပါတယ်။

“အရင်ကဆို ညတောင် ဦးထုပ်ဖမ်းမလားဆိုပြီး စိုးရိမ်ရတယ်။ အဲဒီအချိန်တွေက တော်တော်များများလည်း ဆောင်းခဲ့ကြတယ်။ အခုတော့ လုပ်တုန်းခဏပဲ။ လုပ်တာပဲ မုံရွာမှာ။ တလမ်းမောင်းစနစ်တွေ၊ ထော်လာဂျီ၊ ဆိုက္ကား မဝင်ရတဲ့နေရာတွေ၊ ဆိုင်ကယ်လမ်း၊ စက်ဘီးလမ်းတွေ ဘာတွေအောင်မြင်လဲ။ အခု ကျောက္ကာလမ်းမှာဆို ဆိုင်ကယ်လမ်း၊ စက်ဘီးလမ်းလုပ်တယ်။ သံလမ်းမီးပွိုင့်ကျတော့ အဲဒီလမ်းက ဖရီးကြောဖြစ်နေပြန်ရော။ ဆိုတော့ ဆိုင်ကယ်စီးလာတဲ့ သူက ဘယ်လိုလုပ်ရမလဲ။ စနစ်ကျတဲ့ အစီအမံတွေ ရေးဆွဲသင့်တယ်လို့ မြင်ပါတယ်” လို့ ဆိုင်ကယ်စီးသူ မြို့ခံ ကိုကျော်ဝင်းကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ကလည်း မုံရွာမြို့မှာ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင် ညီဂျော်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ မုံရွာမြို့က တက်တူးချစ်သူတွေ၊ ဆိုင်ကယ်ချစ်သူတွေ၊ လူမှုကူညီရေးအသင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြဖို့ လှုပ်ရှားမှုတခုကို ဆိုင်ကယ်အစီးရေး ၂၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013