DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်တင်ပို့မှု တရုတ်လက်မခံ
DVB
·
July 24, 2012
မြန်မာ့ဆန်တင်ပို့မှု တရုတ်လက်မခံ
Donate to DVB

မြန်မာနိုင်ငံဘက်က တင်ပို့နေတဲ့ဆန်ကို တရုတ်ဘက်အခြမ်းက အခုရက်ပိုင်းအတွင်း တင်းကျပ်စိစစ်လိုက်တဲ့အတွက် ဆန်တင်ပို့မှု ရပ်ဆိုင်းရတော့မယ့် အခြေအနေ ဆိုက်နေတယ်လို့ ဆန်စပါးလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောပါတယ်။

နယ်စပ်ကနေ ဆန်တင်သွင်းနေတာကို တရုတ်ဘက်က ရက်ပိုင်းအတွင်း တင်းကျပ်လိုက်တဲ့အတွက် မြန်မာ့ဆန်တင်ပို့မှု ရပ်ဆိုင်းခဲ့ရတာပါ။

နဂိုကတည်းက မြန်မာ့ဆန်ဟာ အရည်အသွေးနိမ့်လို့ဆိုပြီး တရုတ်နိုင်ငံက တရားဝင်ဝယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် မှောင်ခိုလမ်းကြောင်းက ပို့နေရတာဖြစ်ပြီး အခု တင်းကျပ်လိုက်တာပါ။ မြန်မာ့ဆန်တင်ပို့မှုကို တရုတ်ရဲ့ တင်းကျပ်မှုဟာ မြန်မာ့အသားတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဆောင်ရွက်ချက်အသစ် ဖြစ်ပါတယ်။

ဒီဆန်တင်ပို့မှု တင်းကျပ်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ခုလို ပြောပါတယ်။

“နဂိုကတည်းက တရားမ၀င်တာ အခုက ၀န်ထမ်းတွေကို သူတို့ပို စည်းကမ်းကျပ်လိုက်တယ် ထင်တယ်။ ဟိုဘက်မှာ ရောင်းရ ၀ယ်ရခက်နေတယ် ကြားတယ်။ အဓိကပြဿနာက သယ်ယူပို့ဆောင် စရိတ်ကြီးတော့ ဆန်တွေသွားပုံမှာပေါ့။ ပို့ထားပြီးသား ဆန်တွေက ဒီဘက်ပြန်သယ်ရခက်မယ်။ သယ်ယူပို့ဆောင်စရိတ်က တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းလောက်ရှိနေတာ။”

မြန်မာပြည်ကဆန်ကို တရုတ်ဘက်မှာ  ဆန်ခေါက်ဆွဲ၊ ဆန်ကြာဇံလို အစာထုတ်လုပ်မှုနဲ့ ဆန်အရက်ချက်တာတွေမှာ သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

ဧပြီလကနေ မပိတ်ခင်အထိ ၁ ရက်ကို မြန်မာဆန် မက်ထရစ်တန်ချိန် ၂၀၀၀ နဲ့ ၂၅၀၀ အကြား တင်ပို့နေရာက ရပ်တန့်သွားတာလို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

မြန်မာဆန်ကုန်သည်တွေအဖို့ ရန်ကုန်ကနေ မူဆယ်၊ မူဆယ်ကနေ ကျယ်ဂေါင်ကို ဆန်မက်ထရစ် ၁ တန်ကို သယ်ယူပို့ဆောင်စရိတ် ဒေါ်လာ ၁၂၀ လောက်ကျသင့်ခံ ပို့ဆောင်ထားရာက အခုလိုတင်းကျပ်လိုက်တော့ သိုလှောင်စရိတ်တက်တာနဲ့  ပျက်စီးကုန်မှာတွေကြောင့် ငွေကြေးနစ်နာမှုတွေ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

မြန်မာ့ဆန် ပြည်ပနိုင်ငံတွေဆီ တင်ပို့နိုင်ရေးကိစ္စကို အစိုးရချင်း စကားပြောဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဟိုတခေါက် ညီလာခံမှာ တွေ့တုန်းကလည်း စီးပွားကူးသန်းဝန်ကြီးကို တင်ပြထားတယ်လေ။ ဒါကတော့ နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းပြီး စီးပွားကူးသန်းဝန်ကြီးအနေနဲ့ ညှိနှိုင်းပေးဖို့ပေါ့နော်။ သူတို့ လက်မှတ်ထိုးပေးမှ ရမှာလေ။ ကျနော်တို့ အသင်းအနေနဲ့ လုပ်လို့မရဘူး။ ကျနော်တို့ မြန်မာဆန်ကို သူတို့ တရားဝင် လက်ခံပေးဖို့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်က သူတို့ပစ္စည်းတွေအများကြီးကို လက်ခံပြီး သုံးစွဲနေတာလေ။ ကျနော်တို့ ထွက်ကုန်ပစ္စည်းက ဘာမှ ရှိတာ မဟုတ်ဘူး။ သူတို့ တရားဝင် လက်ခံပေးဖို့ပေါ့။”

မူဆယ်ဒေသခံတွေနဲ့ မူဆယ် ၁၀၅ မိုင်ဂိတ် နယ်စပ်ကုန်သွယ်ရေးက ညွှန်ကြားရေးမှူးရုံးခန်းကလည်း လုံးဝတင်ပို့မှုရပ်တန့်တာမျိုးတော့ မဟုတ်သေးဘဲ ဆန်ကားတွေလာတာ တွေ့နေရဆဲပဲလို့ ပြောပါတယ်။

အရည်အသွေးနိမ့်တဲ့ မြန်မာ့ဆန်ကို ပြည်ပ တင်ပို့ကုန် မျက်နှာပန်းလှအောင် အရည်သွေးမြှင့်ဖို့ ကြိုးပမ်းကြရမယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးအောင်ကျော်က ပြောပါတယ်။

“နိမ့်တဲ့အခါကျတော့ ဈေးကွက်မှာလည်း ဈေးကောင်းကောင်းမရဘူး။ ကျနော်တို့စက်တွေမှာကလည်း နှစ်ပေါင်းများစွာ ၁၉၅၀၊ ၁၉၆၀ ထဲက သိပ်အများကြီး တိုးတက်မလာသေးဘူးလေ။ နည်းနည်းပိုကောင်းတဲ့ စက်တွေထည့်လာတယ် ဆိုပေမယ့် ရာခိုင်နှုန်းတော်တော်များများက နဂိုအနေအထားအတိုင်းပဲ ရှိသေးတယ်။”

တရုတ်နယ်စပ်မှာ ဆန်တင်ပို့မှုကြောင့် နစ်နာရမယ့်သူတွေဟာ တပိုင်တနိုင် ပုဂ္ဂလိကလုပ်ငန်းရှင်ငယ်တွေလား ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိသူတွေနဲ့နီးစပ်တဲ့  ခရိုနီ စီးပွားရေးသမားတွေ နစ်နာတာလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

သာယာဝတီနယ်က လယ်သမားတွေကို မေးကြည့်ရာမှာတော့ လက်ရှိ လယ်သမားလက်ထဲမှာ စပါးမရှိတော့တဲ့အချိန် စပါးကုန်သည်တွေက ဈေးမြှင့်ပေးလာဝယ်နေပေမယ့် ပဲဈေးတွေထိုးကျတဲ့အတွက် လယ်သမားတွေ ဘာစိုက်ပျိုးရမယ်ဆိုတာ တွက်ချက်ရ ခက်ခဲနေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013