DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ တရုတ်နိုင်ငံ ရွှေလီတွင် ဖမ်းဆီးခံနေရ
DVB
·
July 24, 2012
မြန်မာအလုပ်သမားများ တရုတ်နိုင်ငံ ရွှေလီတွင် ဖမ်းဆီးခံနေရ
Donate to DVB

မြန်မာနိုင်ငံ မူဆယ်မြို့နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာရှိတဲ့ ထောင် ၄ ခုမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် ပတ်စပို့တွေ ရှိလျက်နဲ့ အဖမ်းခံနေရတယ်လို့ သိရပါတယ်။

[caption id="attachment_28320" align="alignright" width="300" caption="တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့တွင် မြန်မာကျပန်းအလုပ်သမားများ အလုပ်ရှင်အခေါ် စောင့်နေကြစဉ်"][/caption]

တရုတ်နိုင်ငံ ရွှေလီဘက်မှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတွေထဲက ယောက်ျား ၃၇၀၀ လောက်နဲ့ အမျိုးသမီး ၇၀၀ လောက် ဖမ်းဆီးခံနေရတယ်လို့ မကြာသေးခင်က ပြန်လွတ်လာတဲ့ အလုပ်သမားအချို့က ပြောပါတယ်။

ပြန်လွတ်လာတဲ့ အလုပ်သမားတဦးက “အကုန်လိုက်စစ်တာပေါ့။ မရှိတဲ့လူတွေကို အကုန်ဖမ်းတယ်။ တယောက် ၅၀၀ နဲ့ လိုက်ရွေးရတယ်။ အကုန်တရားဝင်တွေချည်းပဲ။ ကျနော်ဆို ဒီနေ့ ၀င်တယ်။ ဒီနေ့ တုံးထုတယ်။ ဒီနေ့ ဖမ်းတယ်။ ကားပေါ်ထိုင်နေတဲ့လူလည်း ဖမ်းတယ်။ အိမ်ထဲမှာ အိပ်နေသူကိုလည်း ဖမ်းတယ်” လို့ ပြောပါတယ်။

ပတ်စပို့ပြပေမယ်လည်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ အခက်အခဲ ကြုံတွေ့ရပုံ ကိုလည်း အခုလို  ပြောပါတယ်။

“ဖမ်းသွားတော့ ဟိုရောက်တော့ ကျနော်တို့ စာအုပ်တွေပြတယ်။ ပြတဲ့အခါကျတော့ ကျနော်တို့ကို အပြမခံဘူး သူတို့က။ ကျနော်တို့ ခန္ဓာကိုယ်က အ၀တ်အစားတွေ အကုန်ချွတ်တယ်။ ချွတ်ပြီးတော့ ရှိသမျှပစ္စည်းတွေ သူတို့က အကုန်သိမ်းတယ်။ ထောင်ထဲမှာ ကျွေးတာမွေးတာကျတော့လည်း ပြောမယ်ဆိုရင် အာလူးဆိုလည်း ရေလုံပြုတ်၊ ထမင်းဆိုလည်း ဆန်ကွဲလောက်တောင် မသားနားဘူး။ အဲလိုပဲ ကျွေးတာ။ အနေအထိုင်ကျတော့လည်း ဒီလိုပဲ သန့်သန့်ရှင်းရှင်းမဟုတ်ဘူးပေါ့။”

ဖမ်းထားတဲ့အထဲက တချို့ကို ယွမ် ၅၀၀၊ ၁၀၀၀ နဲ့ လိုက်ရွေးကြရသလို တချို့မရွေးနိုင်တဲ့လူတွေကိုတော့ စက်ဘီးစက်ရုံ၊ ခဲပတ်စက်ရုံတွေကို တရုတ်ရဲတွေက တယောက် ယွမ် ၅၀၀ (မြန်မာငွေ ၆ သောင်းကျော်) နဲ့ ရောင်းချလိုက်တယ်လို့လည်း သိရပါတယ်။

ဒီအဖြစ်အပျက်တွေကို ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမားတချို့က မြန်မာအာဏာပိုင်နဲ့ တာဝန်ရှိသူတွေကို သွားရောက် အကြောင်းကြားခဲ့တယ်လို့ ပြန်လွတ်လာသူက ပြောပါတယ်။

“လ၀က ပေါ့နော်။ ခရိုင်ရုံးနဲ့ ပတ်သက်ပြီးတော့ သွားအကြောင်းကြားတာပေါ့။ ခရိုင်ရုံးကို ၀င်တဲ့အခါမှာ ပေးတောင်မထိုင်ဘူး။ မထိုင်ဘဲနဲ့ ပြောတဲ့အခါကျတော့ ငါတို့နဲ့ မဆိုင်ဘူးပေါ့။ ဂိတ်ဝမှာ နန်းတော်ဆိုတဲ့ မူဆယ်ဂိတ်ဝမှာ အဲမှာ တာဝန်ကျတဲ့လူတွေ ရှိတယ်။ သူတို့ သွားပြောပေါ့။ အဲဒါနဲ့ ကျနော် သူတို့ကို သွားပြောပြန်တဲ့အခါကျတော့လည်း သူတို့က အထက်က မညွှန်ကြားလို့ပေါ့။ ဘာမှမလုပ်ပေးနိုင်ဘူး ဆိုတဲ့ အတိုင်းအတာမျိုးပဲ ပြန်ဖြေတယ်။ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။”

အဖမ်းခံနေကြရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေဘက်က အခုချိန်ထိ လိုက်ပါဆောင်ရွက်ပေးတာ မကြားသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား သိန်းနဲ့ ချီရှိပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ဖြတ်သန်းသွားလာနေထိုင်ခွင့်အနေနဲ့ စာအုပ်အနီ၊ စာအုပ်အပြာ ၂ မျိုးကို မြန်မာဘက်က ထုတ်ပေးထားတယ်လို့ သိရပါတယ်။ မူဆယ်မြို့နယ် အိမ်ထောင်စုဇယားရှိသူတွေကို တရုတ်နိုင်ငံ ရွှေလီနဲ့ ကြယ်ဂေါင် ၂ မြို့မှာ ၁ နှစ်နေထိုင်ခွင့်ရ စာအုပ်အနီ ထုတ်ပေးထားပြီး တခါသုံးကတ်လို့ ခေါ်တဲ့ စာအုပ်အပြာ (၇ ရက်နေထိုင်ခွင့်) ကိုမူ မြန်မာတနိုင်ငံလုံးကလာတဲ့ မှတ်ပုံတင်ရှိသူတွေကို ထုတ်ပေးထားပြီး ကြယ်ဂေါင်မြို့မှာသာ နေထိုင်ခွင့် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013