DVB Logo
Home
မြန်မာသတင်း
ကြိုးဆွဲချသတ်သေသွားသည့် ဇနီးမောင်နှံ၏ လူမမည် ကလေး ၆ ဦးကို ကူညီရန် ကမ်းလှမ်း
DVB
·
August 2, 2018
ကြိုးဆွဲချသတ်သေသွားသည့် ဇနီးမောင်နှံ၏ လူမမည် ကလေး ၆ ဦးကို ကူညီရန် ကမ်းလှမ်း
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ မိဘနှစ်ပါး ကြိုးဆွဲချသေဆုံးလို့ ကျန်ရစ်ခဲ့တဲ့ သားသမီး ခြောက်ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူတွေက မနေ့က သွားရောက်တွေ့ဆုံ ကူညီထောက်ပံ့ခဲ့ပါတယ်။

လပွတ္တာမြို့နယ်၊ သိုင်းကုန်းကျေးရွာမှာ အရွယ်မရောက်သေးတဲ့ကလေး ခြောက်ဦးစလုံးကို ထားခဲ့ပြီး လင်မယား နှစ်ဦး တပြိုင်နက် ဆွဲကြိုးချသတ်သေမှု ဇူလိုင် ၂၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူတွေဟာ ဦးစောဘာပလု (၃၃ နှစ်) နဲ့ နော်မာမာအောင် (အသက် ၂၈ နှစ်) တို့ ဖြစ်ပြီး အငယ်ဆုံးအသက် ၁ဝ လကနေ အကြီးဆုံး  ၁ဝ နှစ်အထိရှိတဲ့ သူတို့ သားသမီး ခြောက်ဦး ကျန်ရစ်ခဲ့တာပါ။

ကျန်ရစ်ခဲ့တဲ့ လူမမည် ကလေးငယ်တွေကို နိုင်ငံတော်အနေနဲ့ အပြည့်အဝတာဝန်ယူပေးဖို့ မနေ့က သွားရောက်ကမ်းလှမ်းခဲ့တယ်လို့ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကျော် ပြောပါတယ်။

“မနေ့ကပဲ ကျနော်တို့ အဲဒီကို ရောက်ခဲ့ပြီးပြီ။ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ ကျနော်ရယ်၊ လူငယ့်အားမာန်ကျောင်းက ကျောင်းအုပ်ကြီးရယ်၊ လူမှုဝန်ထမ်းကပေါ့လေ။ သွားပြီးတော့ မိဘ မရှိလို့ရှိရင် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်ထားတဲ့ မိဘမဲ့ကလေးတွေ ပြုစုစောင့်ရှောက်တဲ့ ဂေဟာတွေ ရှိတယ်။ သင်တန်းကျောင်းတွေ ရှိတယ်။ အစိုးရက နောက်ဆုံး အရွယ်ရောက်တဲ့ အထိ တာဝန်ယူတာပေါ့။ အဲဒီဟာကို သွားပြီးတော့ ရှင်းပြခဲ့တယ်။ သွားကမ်းလှမ်းတာပေါ့လေ။ ကလေးတွေကို ပို့ချင်တယ်ဆိုရင် ဘယ်ကျောင်းကို ပို့လို့ရမယ်ဆိုတာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနဲ့ပါ ခေါ်သွားတယ်။ အဲဒီကျောင်းက လပွတ္တာ ၃ မိုင်မှာလည်းရှိတယ်။ ”

လတ်တလောမှာတော့ ကလေးငယ်တွေကို သေဆုံးသူ စောဘာပလုရဲ့အစ်မက ပြုစုကျွေးမွေးထားပြီး ကလေးတွေရဲ့ အဘိုးနဲ့ အဘွားတွေ ရှိနေသေးတဲ့အတွက် သူတို့ကိုယ်တိုင်ပဲ ကျွေးမွေးစောင့်ရှောက်သွားလိုကြောင်းလည်း ပြောပါတယ်။

“သေသွားသူတွေတဲ့ နှစ်ဖက်ရဲ့ အဘိုးအဘွားတွေ ရှိသေးတာကို တဖက်က အဘွား၊ တဖက်က အဘိုးတွေ ရှိတယ်။ အဒေါ်တွေ၊ ဦးလေးတွေ ရှိတယ်။ ဆိုတော့ သက်ဆိုင်ရာ ကာယကံရှင်တွေက သူတို့ လောလောဆယ် အနေအထားမှာတော့ သူတို့ပဲ ကျွေးမွေးပြုစု စောင့်ရှောက်မယ်ဆိုပြီးတော့ သူတို့က ပြောနေတယ်။ အစိုးရက စောင့်ရှောက်တဲ့ဌာနကို သူတို့ ထည့်ပေးမယ်ဆိုရင် အမှန်တကယ်က မနေ့ကတည်းက ကျနော်တို့ ခေါ်လာတာပေါ့။ သို့သော် ဆွေရင်းမျိုးရင်းတွေက သူတို့ပဲဆက်ပြီးတော့ ကျွေးမွေးပါမယ်။ ပြုစုစောင့်ရှောက်ပါမယ်ဆိုတော့ ကျနော်တို့က နားလည်အောင်ပဲ ပြောခဲ့တာ”

ကျန်ရစ်ခဲ့တဲ့ ကလေးငယ် ခြောက်ဦးထဲမှာ ယောက်ျားလေးတဦးသာရှိပြီး ငါးဦးက မိန်းကလေးတွေ ဖြစ်ပါတယ်။ အငယ်ဆုံးကလေးငယ်ကတော့ ၁ဝ လအရွယ်သာ ရှိသေးတဲ့အတွက် ကူညီချင်သူတွေအနေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေဆီကို သွားရောက် ကူညီနိုင်တယ်လို့လည်း ပြောပါတယ်။

မနေ့ကတော့ မြို့နယ်တာဝန်ရှိသူတွေ စုပေါင်းပြီး ကလေးတွေအတွက် စားစရာနဲ့ ငွေကျပ် ၅ သိန်းကျော်လှူခဲ့ပါတယ်။ သေဆုံးသူ လင်မယား နှစ်ဦးဟာ လူမှုရေးပြဿနာနဲ့ အကြွေးပူလည်းမရှိသလို လင်မယားအကြား ရန်ဖြစ်တာလည်း မရှိဘဲ မိမိကိုယ်ကို အဆုံးစီရင်သွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013