DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ယာဉ်တိုက်မှုကျဆင်းရေး အုပ်ချုပ်ရေးပိုင်းနှင့် အရပ်ဘက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်
DVB
·
August 2, 2018
ကလေးမြို့တွင် ယာဉ်တိုက်မှုကျဆင်းရေး အုပ်ချုပ်ရေးပိုင်းနှင့် အရပ်ဘက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်မှာ ယာဉ်တိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုတွေ လျော့နည်းကျဆင်းစေဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးတွဲပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ကြပ်မတ်စစ်ဆေးကြတော့မှာဖြစ်ပါတယ်။

၆ လအတွင်း ယာဉ်တိုက်မှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ရပြီးနောက် မြို့နယ်ထွေအုပ်ရုံးမှာ ဇူလိုင် ၃၁ ရက်မနက်က ဆွေးနွေးပွဲမှာ အရပ်ဘက်တွေ အပါအဝင် အဖွဲ့ ၃၈ ဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ကလေးမြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီက "ကလေးမြို့မှာ မြို့ပေါ် ၁၉ ရပ်ကွက်ရှိရာမှာ တစ်ရပ်ကွက်လျှင် ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ ရာအိမ်မှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စာရေးတို့ ပါဝင်တဲ့အဖွဲ့ နှစ်ဖွဲ့စီနဲ့  ၃၈ ဖွဲ့ကို ဖွဲ့စည်းကာ အင်အားသုံးပြီး လမ်းမကြီးတွေမှာသာမက လမ်းကြိုလမ်းကြားတွေပါ တပြိုင်တည်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

အရပ်ဘက်အဖွဲ့အပါ ၃၈ ဖွဲ့အနေနဲ့ သြဂုတ် ၁ ရက်နဲ့  ၂ ရက်နေ့တွေမှာ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုး တပ်ဆင်ခြင်း ရှိ၊ မရှိ၊ နှစ်ယောက်ထက် ပိုစီးနင်းတာတွေကို စစ်ဆေးသွားမှာဖြစ်ပြီး အသံချဲ့စက်နဲ့လည်း လိုက်လံ အသိပေးနှိုးဆော်မှာပါ။ 

သြဂုတ် ၃ ရက်၊ ၄ ရက် ၅ ရက်နေ့တွေကို ပညာပေးကာလ သတ်မှတ်ပြီး သြဂုတ် ၆ ရက်ကနေစကာ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ဦးညီညီက ပြောပါတယ်။

ကလေးမြို့ခံ ကိုတင့်ဝေကတော့ ဒီစစ်ဆေးမှုကို ကြိုဆိုပေမယ့် မရှိဆင်းရဲသား ဆိုင်ကယ်သမားတွေအတွက် အခက်အခဲ တစုံတရာ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။

"ကလေးမှာ ဖြစ်ပြီး တိုက်ပြေးပြီး မမိတာတွေ ရှိတယ်။ ခုလို စစ်ဆေးမှုက တကယ်တော့ မရှိဆင်းရဲသား ဆိုင်ကယ်စီးနေသူတွေ အတွက်တော့ နစ်နာတာပေါ့။ အမှန်တကယ်က ဖြစ်ပြီဆိုရင် အနီးအနားက လူတွေကလည်း ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ်တင် ဆိုတာနဲ့တင်ပြီးတာ။ အမှုပေါ်ပေါက်ဖို့ အကူအညီပေးနိုင်သူ မရှိသလောက်ပဲ။ သက်သေလိုက်ရမှာ ကြောက်တယ်နဲ့ တူပါတယ်။ တကယ်တော့ ပြည်သူကို ပြည်သူက စောင့်ရှောက်တာက ပိုပြီး ထိရောက်တယ်လို့ ထင်တယ်"လို့ သူက ပြောပါတယ်။

ကလေးမြို့မှာတော့ ယာဉ်တိုက်မှုကြောင့် လွတ်မြောက်တရာခံ ၃ ဦးရှိ နေပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း လူ ၃ ဦး သေဆုံးခဲ့ကာ  သေဆုံးမှု ၂ မှုမှာတော့ တရားခံ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013