DVB Logo
Home
မြန်မာသတင်း
ကားငှားစီးသည့် ဆရာဝန်အမျိုးသမီးဆီက လုယက်ခဲ့သူများကို ဖမ်းမိ
DVB
·
August 1, 2018
ကားငှားစီးသည့် ဆရာဝန်အမျိုးသမီးဆီက လုယက်ခဲ့သူများကို ဖမ်းမိ
Donate to DVB

အိမ်စီးကားကိုအသုံးပြုပြီး အမျိုးသမီးဆရာဝန်တယောက်ဆီက လက်ဝတ် ရတနာတွေ လုယက်ခဲ့သူတွေကို ၁၀ ရက်အတွင်း ဖမ်းဆီးရမိပြီလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ြပန်ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က တောင်ဥက္ကလာပ မြို့နယ်မှာနေတဲ့ ဆရာဝန်တယောက်ဟာ ဗဟို အမျိုးသမီးဆေးရုံကိုသွားဖို့ ကားစောင့်နေတုန်း အသက် ၃၅ နှစ်လောက်ရှိတဲ့ အမျိုးသား တယောက်က အိမ်စီးကားနဲ့ ရောက်လာပြီး ကားငှားစီးမလားလို့ မေးတာကြောင့် စီးသွားခဲ့ ပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ၃ရပ်ကွက်၊ ၁၃လမ်း အရောက်မှာ ယာဉ်မောင်းသူက ကားကိုရပ်လို့ နောက်ခန်းကိုကူးလာပြီး ဆရာဝန်မကို လည်ပင်းညှစ်လုံးထွေးခဲ့ပါတယ်။

ဒီအချိန်မှာ ယာဉ်မောင်းသူနဲ့ ချိန်းဆိုထားတဲ့ အမျိုးသမီးတယောက်လည်း ရောက်လာပြီး ဆရာဝန်ရဲ့ မျက်လုံးတွေကို ပိတ်ထားတုန်း ယာဉ်မောင်းက အလူမီနီယမ်ချောင်းနဲ့ ရိုက်ပြီး ကျောက်စိမ်း လော့ကတ်သီးပါ ရွှေဆွဲကြိုးတကုံး၊ စိန်နားကပ်တရံ၊ လက်ကိုင်ဖုန်း နှစ်လုံးနဲ့ ပိုက်ဆံအိတ်တို့ကို လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။

ဒီအမှုကို တောင်ဥက္ကလာပမြို့မရဲစခန်းမှာ ဖွင့်လှစ်ပြီးနောက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရဲ့ ကြိမ်းကြပ်မှုနဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်တို့က ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းခဲ့ ပါတယ်။

ဒီအဖွဲ့က စုံစမ်းချက်တွေအရ ပြစ်မှုကျူးလွန်ရာမှာ သုံးတဲ့ကားဟာ Toyota Mark II ဖြစ်ပြီး ပိုင်ရှင်ဟာ တာမွေမြို့နယ်မှာ နေသူဖြစ်လို့ စုံစမ်းရာမှာ အဲဒီကားကို မြောက်ဒဂုံနေ သူရကိုကိုသိန်းကို တလမှာ ၄ သိန်းနဲ့ ငှားထားတယ်လို့ သိရပါတယ်။

သူရကိုကိုသိန်းရဲ့ အိမ်ကို သွားစစ်ရာမှာ ဘားအံမြို့ကို သွားနေတယ်လို့ သိရလို့ လိုက်လံ စုံစမ်း ဖမ်းဆီးခဲ့ရာမှာ ဇူလိုင် ၃၁ ရက်က သူရကိုကိုသိန်း (ခ)အငယ်ကောင်နဲ့ အသက် ၂၄ နှစ်အရွယ် မဇာဇာလင်းမိုးတို့ကို လုယက်ယူသွားတဲ့ ဖုန်းတလုံးနဲ့ အတူ ကျိုက်ထိုမြို့က တည်းခိုခန်းတခုမှာ ဖမ်းဆီးမိခဲ့ပါတယ်။

စစ်ဆေးချက်တွေအရ လုယက်မှုကို သူတို့တွေကျူးလွန်ခဲ့ပြီး သက်သေခံ ရွှေထည်တွေကိုလည်း အပေါင်ဆိုင်တွေက ပြန်သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့တွေဟာ တခြား ပြစ်မှုတွေကျူးလွန်ထားတာ ရှိ၊ မရှိ ဆက်လက် စစ်ဆေးနေတယ် လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ြပန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013