DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုလွှတ်တော် နာယက အပြောင်းအလဲအပေါ် အမြင်များ
DVB
·
August 1, 2018
ပြည်ထောင်စုလွှတ်တော် နာယက အပြောင်းအလဲအပေါ် အမြင်များ
Donate to DVB

ဦးဝင်းထိန် (နာယက - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

“အခု နာယကလုပ်တဲ့ ဦးတီခွန်မြတ်က ကချင်လူမျိုး၊ လွှဲပေးလိုက်တဲ့ ပုဂ္ဂိုလ်က ကရင်လူမျိုး ဒါ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးမူအရ နဂိုလ်ကတည်းက ရွေးထားတဲ့ ပုဂ္ဂိုလ်တွေ၊ အခု သူတို့တာဝန်ယူတဲ့အခါကြတော့ သူတို့ကိုယ်တိုင်ကလည်း ဒီလုပ်ငန်းကို ဂုဏ်ယူစွာနဲ့ ထမ်းဆောင်နေကြမှာ ဖြစ်သလို သူတို့ တိုင်းရင်းသားလူမျိုးတွေကလည်း သူတို့ ကိုယ်စား၊ ဂုဏ်ယူနေကြမှာပါ။ ဒါက တချက်။ နောက်တချက်က အရင်ပြည်သူ့လွှတ်တော်တုန်းကလည်း ဒီလို အေးအေးဆေးဆေး၊ ချောချောမွေ့မွေ့ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးခဲ့သလို အခုလည်း ချောချောမွေ့မွေ့နဲ့ အဆင်ပြေအောင် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ပြောင်းနိုင်တယ်ဆိုတာ ဒီမိုကရေစီ ရင့်ကျက်လာပြီလို့ ပြောလို့ ရတာပေါ့။

ဦးတီခွန်မြတ်က ပါတီက မဟုတ်တဲ့အတွက် လွှတ်တော်နာယက တာဝန်ထမ်းဆောင် တော့ ဒီကိစ္စက သူ့ကို ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးအတွက်ရွေးကတည်းက စဉ်းစားပြီးသား။ ဘာကို မူတည်ပြီး စဉ်းစားလဲဆိုတော့ ဦးတီခွန်မြတ်က တိုင်းရင်းသားဖြစ်တယ်၊ အရင်လွှတ်တော်တုန်းက ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်ဖြစ်တယ်။ သို့သော်လည်း သူ့ လုပ်ဆောင်ချက်တွေ၊ သူ့သဘောထားတွေဟာ ဘက်လိုက်မှုမရှိဘဲ အမှန်တရားကို မူတည်ဆုံးဖြတ်ခဲ့လို့ အဲ့တုန်းကတည်းက ဒုဥက္ကဋ္ဌ အနေနဲ့ ထောက်ခံခဲ့လိုက်တာ။ အခုလည်း ဘာမှ ထူးထူးခြားခြားကန့်ကွက်စရာမရှိဘူး။”

 

ဦးဇော်မြင့်ဖေ (အဖွဲ့ဝင်-ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေး ကော်မရှင်)

“ကောင်းတယ်ပေါ့။ ချစ်ချစ်ခင်ခင်နဲ့ အားလုံးက ညီညီညွတ်ညွတ်လုပ်ကြတဲ့ အရွေ့အပြောင်းလေးတစ်ခုလို့ မြင်ပါတယ်။ လွှတ်တော်အပိုင်းက ဥပဒေပြုရေးအပိုင်းက ဒီမိုကရေစီအစဉ်အလာတွေနဲ့အညီ လုပ်သွားကိုင်သွားသလို အုပ်ချုပ်ရေးအပိုင်း၊ တရားစီရင်ရေး အပိုင်းကလည်းပဲ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ဆက်လက်ပြီးတော့ လက်တွဲညီညီ ဆောင်ရွက်ကြမယ်ဆိုရင်တော့ တိုင်းပြည်ကတော့ တိုးတက်သွားမယ်လို့ ယူဆပါတယ်။ အချိတ်အဆက်မိမိ အကောင်အထည်မဖော်နိုင်ရင်တော့ အခက်အခဲတွေ ကြုံတွေ့နေရဦးမယ်။”

 

ဦးသောင်းအေး (ပျော်ဘွယ် - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - USDP)

“အမှန်တကယ်ကတော့ ဘယ်အာဏာလမ်းကြောင်းမှာပဲ နေနေပေါ့။ အုပ်ချုပ်ရေးပဲ ဖြစ်ဖြစ်၊ ဥပဒေပြုရေးပဲဖြစ်ဖြစ်၊ တရားစီရင်ရေးပဲဖြစ်ဖြစ် တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကတော့ ပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကိုပဲ ရပ်တည်သွားရမှာ ပဲလေ။ အဲ့ဒီ အတိုင်းသွားမယ် ဆိုရင်တော့ ဘာပြဿနာမှ မရှိပါဘူး။ သွားတယ်။ မသွားဘူး ဆိုတာက သူ့ကိုယ်ရေးကိုယ်တာကိစ္စရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီဆိုရင်တော့ ဒီလိုပဲ မှန်မှန်ကန်ကန်နဲ့ ရပ်တည်သွားကြတာများပါတယ်။

နောင်လာမယ့် လ ၃၀ မှာလည်း ကိုယ်တို့လက်တွဲပြီးတော့ ဒီထက်ပိုကောင်းမွန်တဲ့ ထိန်းကြောင်းမှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့အညီ အတူတကွလက်တွဲ ဆောင်ရွက်သွားမယ်ဆိုရင်တော့ အားလုံး ပျော်စရာကောင်းတဲ့ ပြီးဆုံးမှုဖြစ်သွားမှာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013