
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေရာမှာ လမ်းပေါ်ကျူးကျော်ပြီး ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံ ၄ ဦးဖမ်းဆီးခံထားရပါတယ်။
ကျေးလက်လမ်းဦးစီးဌာနက တရားလို ပြုလုပ်တိုင်တန်းခဲ့တာကြောင့် လမ်းတံတားများ ဥပဒေပုဒ်မ ၂၂ နဲ့အမှုဖွင့်ခံထားရတဲ့ အောင်သပြေကျေးရွာက တောင်သူ ဦးသိန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြတို့ ပုသိမ်ကြီးရဲစခန်းမှာ ဒီနေ့ မနက်က ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ကြတာပါ။
လာရောက်အဖမ်းခံခဲ့တဲ့ ဒေါ်မြမြက “ကျမတို့ကို လမ်းပေါ်ခြံစည်းရိုးခတ်တယ်ဆိုပြီး အမှုဖွင့်တာပါ။ ဖွင့်တာက လေးယောက်ပါ။ တစ်ယောက်ကို ဖမ်းထားပြီးသားပါ။ သူတို့က ဆင့်ခေါ်စာတွေ ခဏခဏပို့တယ်။ မလာရင် ဝရမ်းကပ်မယ် ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်လို့ လာအဖမ်းခံတာပါ”လို့ ပြောပါတယ်။
လာရောက်အဖမ်းဆီးခံသူတွေအနက် အသက် (၇၀) ကျော်ပြီဖြစ်တဲ့ ဒေါ်အေးကတော့ ကျန်းမာရေးမကောင်းလို့ အိုးဘိုထောင်ကို မပို့ဘဲ ဆေးရုံမှာ ဆေးကုသမှုခံယူခွင့် ပြုထားပါ တယ်။
“ခြံစည်းရိုးခတ်တာကလည်း အမေ့မြေပါ။ ဒါကို အမေ့ကို အမှုဖွင့် ဖမ်းဆီးတာ။ စိတ်မကောင်းဘူး အမေတို့အဖြစ်ကို သမ္မတကြီးလည်း မကယ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လည်း မကယ်နိုင်တော့ဘူးလား”လို့ အသက် ၇၀ ကျော်အဖွားဒေါ်အေး က ပြောပါတယ်။
အောင်သပြေကျေးရွာနေ ဦးရွှေအုန်း အပါအ၀င် ၉ ဦးဟာလည်း ငြိမ်းချမ်းစွာစု ဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရပါတယ်။
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုတာဟာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု၊ လေထုညစ်ညမ်းမှု တို့ကြောင့် ဒေသခံများက ကန့်ကွက်တာ ဖြစ်တယ်လို့ အောင်သပြေကျေးရွာက ဦးရွှေအုန်းကပြောပါတယ်။
မြင့်ဘိလပ်မြေကုမ္ပဏီစီမံကိန်းစက်ရုံကို မပြုလုပ်ဖို့ ဒေသခံတွေအနေနဲ့ ၂၀၁၄ ခုနှစ်က စတင်ပြီး သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်စာတွေနဲ့ ကန့်ကွက်စာတွေကို အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့်လည်း ဖြေရှင်းဆောင်ရွက်ပေးတာ မရှိခဲ့ပါဘူး။










