DVB Logo
Home
မြန်မာသတင်း
တရားခံ စစ်ဆေးစဉ် သေဆုံးခဲ့မှု အရေးယူရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
DVB
·
August 1, 2018
တရားခံ စစ်ဆေးစဉ် သေဆုံးခဲ့မှု အရေးယူရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
Donate to DVB

မသင်္ကာတဲ့တရားခံကို စစ်ဆေးနေတုန်း သေဆုံးခဲ့တဲ့အတွက် အဓိကစစ်ဆေးသူတွေကို ထိထိရောက်ရောက်ရောက် အရေးယူဖို့နဲ့ အရက်ကို စွဲစွဲလမ်းလမ်းသောက်တဲ့ စခန်းမှူးကိုလည်း အမြန်ဆုံးအရေးယူဖို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနကို စာနဲ့ပေးပို့အကြောင်းကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ညောင်တပင်ကျေးရွာနေ ကိုဇော်မင်းထွန်းကို ငါးဖမ်းပိုက် ပျောက်ဆုံးမှုအတွက် ဒေးဒရဲမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးနေတုန်း သေဆုံးခဲ့တာဖြစ်ပြီး အစ်မဖြစ်သူရဲ့ တိုင်တန်းချက်အရ ကော်မရှင်က သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်နဲ့ အတွင်းရေးမှူး ဦးဘုန်းကြွယ်တို့ ဦးဆောင်တဲ့ ကွင်းဆင်း စုံစမ်း စစ်ဆေးရေးအဖွဲ့ဟာ ဇူလိုင် ၂၃ နဲ့ ၂၄ ရက်က ဒေးဒရဲမြို့ကို သွားရောက်ပြီး သေဆုံးသူရဲ့ အစ်မနဲ့ ဇနီး၊ မြို့နယ်ဆရာဝန်ကြီး အပါအဝင် တခြားသက်သေတွေ၊ ဒေးဒရဲ မြို့မ ရဲစခန်းက တာဝန်ရှိ ရဲအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ စုစုပေါင်း ၁၆ ယောက်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးကိုပို့တဲ့ အကြံပြုချက်တွေမှာ မသင်္ကာတရားခံကို ရဲစခန်းမှာ ဖမ်းဆီး ချုပ်နှောင် စစ်ကြောမေးမြန်းချိန်မှာ သေဆုံးသွားလို့ အဓိကစစ်ဆေးခဲ့သူ ဒုရဲအုပ်ကျော်ဌေးလွင်နဲ့ ကိုယ်တိုင် ပါဝင်ပတ်သက်သူ ရဲတပ်ဖွဲ့ဝင်တွေကို ထိထိရောက်ရောက် အရေးယူဖို့ ဖော်ပြထားပါတယ်။

ပြီးတော့ စခန်းမှာ အဓိကတာဝန်ရှိတဲ့ မြို့မစခန်းမှူးဟာ အရက်ကို စွဲစွဲလမ်းလမ်း သောက်သူဖြစ်ပြီး လက်ရှိအခြေအနေမှာ ကွပ်ကဲမှုတာဝန်ပေးအပ်ဖို့ မသင့်တော်တာ၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိနေတာတွေကြောင့် အမြန်ဆုံး ထိထိရောက်ရောက် အရေးယူဖို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစခန်းတွေမှာ တရားခံတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်တွေကို ပြန်သုံးသပ်ပြီး ပြည်သူယုံကြည်ကိုးစားမှု ပြန်ရဖို့အတွက် ရဲလုပ်ငန်းစဉ်နဲ့ စနစ်တကျ ဆောင်ရွက်စေဖို့ ကွပ်ကဲ ကြပ်မတ်တဲ့ အဆင့်ဆင့်ကို တိုးမြှင့်ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013