DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ရေကြီး လူပေါင်း ၂၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းရ
DVB
·
August 1, 2018
လားရှိုးတွင် ရေကြီး လူပေါင်း ၂၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းရ
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲမှာ  ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး လူပေါင်း ၂၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရသလို သီးနှံစိုက်ခင်းတွေလည်း ပျက်စီးနေပါတယ်။

လားရှိုးမြို့ အနောက်ဘက် ဆယ်မိုင်ခန့်အကွာရှိ အီနိုင်းရွာမှာ မိုးတွေ ဆက်တိုက်ရွာပြီး နမ့်ယော်ချောင်း ရေလျှံတာကြောင့် ဇူလိုင် ၃၀ က စပါးခင်း၊ ပြောင်းခင်းတွေထဲရော ရွာထဲကိုပါ ရေတွေဝင်လာတာလို့ အီနိုင်းဒေသခံ နန်းမော်က ဒီဗွီဘီကို ပြောပါတယ်။

“ရေတွေက စပါးခင်း၊ ပြောင်းခင်းတွေထဲ အရင်ဝင်လာတယ်ရှင့်၊ မနေ့ ညနေပိုင်းကတော့ ကျမတို့ ရွာထဲကို ဝင်လာတယ်၊ ရေက တဖြည်းဖြည်းနဲ့ မြင့်လာတာ။ တချို့အိမ်က ခါးထိ၊ တချို့ အိမ်က ရင်ခေါင်းထိ မြုပ်တယ်။ အဲဒါ မနေ့ညက အသိဆွေမျိုးတွေဆီ သွားအိပ်ကြပြီး ဒီနေ့ မနက်တော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကျမတို့ကို အီနိုင်းဘုန်းကြီးကျောင်းမှာ နေရာ လာချထားပေးပါတယ်ရှင့်။ စားဖို့ သောက်ဖို့အတွက်  ကျားခေါင်းပါတီကရော၊ ရင်ငြိမ်းရေးအဖွဲ့၊ ကမ္ဘောဇ နာရေးကူညီမှုအသင်းက သောက်ရေသန့်၊ ခေါက်ဆွဲခြောက်နဲ့ ထမင်းထုပ်တွေ လာဝေပေးပါတယ်။”

အီနိုင်းရွာမှာ အိမ်ခြေပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး ရေဝင်တဲ့ အိမ်တွေဟာ ၃၀ ကျော်မယ်လို့ ခန့်မှန်းရကြောင်း၊ လောလောဆယ် အီနိုင်းဘုန်းကြီးကျောင်းမှာ အိမ်ခြေ ၁၅ အိမ်က မိသားစုဝင်ပေါင်း ၇၀ ကျော် လာရောက်ခိုလှုံနေပြီး လားရှိုးသွားလမ်းဘက် ၆ မိုင် ဘုန်းကြီးကျောင်းမှာလည်း လူအတော်များများ သွားရောက်တိမ်းရှောင် ခိုလှုံနေရပါတယ်။

ရေကြီးမှုကြောင့် ရွာက စပါးခင်း၊ ပြောင်းခင်းတွေထဲလည်း ရေတွေဝပ်နေပြီး ပျက်စီးဆုံးရှုံးမှု ပမာဏတော့ ခန့်မှန်းလို့မရသေးဘူးလို့  အီနိုင်းဒေသခံက ဆိုပါတယ်။

ဒါ့အပြင် လားရှိုးမြို့စွန် နယ်မြေ ၂၀၊ ရပ်ကွက် ၁၂ ထဲမှာလည်း နမ့်ယော်ချောင်းရေတွေ အိမ်ထဲ ဝင်ရောက်လာလို့  လူပေါင်း ၁၆၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ နယ်မြေမှူး ဦးဇေယျာမင်းက ဒီဗွီဘီကို ပြောပါတယ်။

“ရေတွေ ကြီးနေလို့ မီးသတ်၊ အရန်မီးသတ်၊ ရဲတပ်ဖွဲ့ဝင်နဲ့ အန်ဂျီအိုတွေ ဝိုင်းပြီး ပြည်သူတွေကို ရေလွတ်တဲ့နေရာ ရွှေ့ပြောင်းပေးနေပါတယ်။ မော်တော်ဘုတ်တွေနဲ့ ပြောင်းပေးနေတာပါ၊ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ရပါဘူး။ သူတို့ နီးစပ်ရာ အသိဆွေမျိုးအိမ်တွေဆီ ပို့ပေးခဲ့တာပါ”

လားရှိုးမြို့ ၁၂ ရပ်ကွက်ထဲမှာ  ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကလည်း ဟူးမွန် ဆည်​သွား လမ်းပေါ် ​ရေကြီးလို့ ကားတ​စီး ​ရေထဲ မျောပါသွားပြီး လူတဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013