DVB Logo
Home
မြန်မာသတင်း
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်ပြည့်ပွဲ ရန်ကုန်တွင် ကျင်းပ
DVB
·
July 23, 2012
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်ပြည့်ပွဲ ရန်ကုန်တွင် ကျင်းပ
1 / 2
Donate to DVB

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတရပ်ကို ရန်ကုန်၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ပထမဆုံးအကြိမ် ခမ်းခမ်းနားနားကျင်းပခဲ့ပြီး  အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စာရေးဆရာကြီး  ဒဂုန်တာရာတို့က သ၀ဏ်လွှာ ပေးပို့ခဲ့ကြ ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အခုအခမ်းအနားကို စီစဉ်ကျင်းပတာဖြစ်ပြီး၊ အခမ်းအနားကို နိုင်ငံရေး၊ လူမှုရေးနဲ့ စာပေနယ်ပယ်အသီသီးက ပရိသတ် ၈၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ အခမ်းအနားကျင်းပရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဝင်း က ပြောပါတယ်။

“အခမ်းအနားအစီအစဉ်အရ ဆရာဒဂုန်တာရာက သ၀ဏ်လွှာ ဖတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က သ၀ဏ်လွှာ ဖတ်ပါတယ်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က စကားပြောပါတယ်။ ၁၉၆၂ ခုနှစ် သမဂ္ဂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေက စကားပြောပါတယ်။ ၇၄၊ ၇၅၊ ၇၆ က ဦးသန်းမြင့် စကားပြောပါတယ်။ ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်လည်း စကားပြောပါတယ်။ ဗကသက ကျော်ကိုကို စကားပြောပါတယ်။ ကျနော်တို့ အတတ်နိုင်ဆုံး ခမ်းခမ်းနားနား ဖြစ်အောင် စီစဉ်ခဲ့ပါတယ်။”

တက်ရောက်လာတဲ့ စာပေပညာရှင်တွေက ဆရာကြီးရေးစပ်ခဲ့တဲ့ ဒွေးချိုးကဗျာတွေ အမှတ်တရ ရွတ်ဆို ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကလည်း အဘိုး သခင်ကိုယ်တော်မှိုင်း မှာကြားခဲ့တဲ့ စကားတွေကို လူငယ်တွေ သိအောင်လုပ်ကြဖို့ အမှတ်တရ စကား ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ အဖိုးပုံကို ကိုယ့်အိမ်မှာ ချိတ်ရုံနဲ့လည်း အဖမ်းခံရတဲ့ခေတ် ဖြတ်သန်းခဲ့ရပြီးပြီ။ အဲဒီအဘိုး အကြာင်းကို အခု ကလေးတွေ မသိဘူးဆိုတာလည်း တော်တော်ဆန်းပါတယ်။ ဒါကြောင့် အဘိုးရဲ့ဂုဏ်ပုဒ်တွေ၊ အဘိုးအကြောင်းကို ပြန်ပြောပြဖို့ နိုင်ငံရေးဆောင်ရွက်သူတွေတင် မကပါဘူး။ အနုပညာလောကကိုလည်း ကျနော် မေတ္တာရပ်ခံချင်ပါတယ်။”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ  ဇူလိုင် ၂၁ ရက်ကလည်း ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ ဆရာကြီးဂူဗိမာန် ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး လုပ်ငန်းတွေ ကို ပထမဆုံး အကြိမ် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ရောက်တိုင်း ဆရာကြီးမိသားစုတွေက ဆရာကြီးနေထိုင်ခဲ့ရာ အမှတ်-၅ ချမ်းသာလမ်း၊ စမ်းချောင်းနေအိမ်မှာပဲ ပြုလုပ်ခဲ့ကြပြီး၊ ပြီးခဲ့တဲ့ နှစ်ကတော့ စမ်းချောင်း၊ ကျွန်းတောလမ်း ဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ သခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ်ပွဲကို ပထမဆုံးအကြိမ် တခမ်းတနား ကျင်းပနိုင်ခဲ့တာလည်း ဖြစ် ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ချမ်းသာလမ်း နေအိမ်မှာ ကွယ်လွန်ခဲ့ပြီး၊ ဒီနေ့မှာ ဆရာကြီးကွယ်လွန်ခြင်း ၄၈ နှစ်ပြည့်မြောက်ခဲ့တာ ဖြစ် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013