
မွေးမြူရေးခြံ ဆိုဖာထဲ ဝှက်ထားတဲ့ ငွေတွေကိစ္စကြောင့် တောင်အာဖရိကသမ္မတ ဆိုင်ရီးလ် ရာမာဖိုဆာ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပိုအားကောင်းလာပါတယ်။
သမ္မတရဲ့ မွေးမြူရေးခြံမှာရှိတဲ့ ဆိုဖာတွေထဲမှာ ဝှက်ထားတဲ့ နိုင်ငံခြားငွေတွေ အခိုးခံရတဲ့ ဒီကိစ္စဟာ “လယ်တောအရှုပ်တော်ပုံ” (Farmgate) လို့ နာမည်ကြီးနေပါတယ်။
ဒီငွေတွေဟာ ၂၀၂၀ ပြည့်နှစ်ကတည်းက အခိုးခံခဲ့ရပေမဲ့ ၂၀၂၂ ခုနှစ်မှာမှ လူသိရှင်ကြား ဖြစ်လာ ခဲ့ပါတယ်။
ဒါဟာ အဂတိလိုက်စားမှု တိုက်ဖျက်မယ်လို့ ကတိပေးထားတဲ့ သမ္မတအတွက်တော့ အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် သမ္မတအနေနဲ့ ဒီလောက်များတဲ့ ငွေတွေကို ဘယ်လိုရလာသလဲ၊ အခွန်စာရင်း ပြထားသလား ဆိုတာတွေ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒါ့အပြင် ဘဏ်မှာမအပ်ဘဲ ဘာလို့ ဆိုဖာထဲ ဝှက်ထားသလဲ ဆိုတာကလည်း ဝေဖန်စရာ ဖြစ်နေ ပါတယ်။
ဆိုဖာထဲကနေ ဒေါ်လာ ၅ သိန်း ၈ သောင်း အခိုးခံရတယ်လို့ သမ္မတက ပြောပေမဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တယောက်ကတော့ အနည်းဆုံး ဒေါ်လာ ၄ သန်းလောက် ပါသွားတယ်လို့ ဆိုပါတယ်။
သမ္မတမဖြစ်ခင်က သူဌေးတယောက်ဖြစ်တဲ့ ရာမာဖိုဆာ ကတော့ ဒီငွေတွေဟာ ကျွဲတွေရောင်းရလို့ ရတဲ့ငွေတွေ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက သမ္မတကို ရာထူးကနေ ဖယ်ရှားဖို့ ကြိုးပမ်းမှုတွေကို ပြန်လည်အသက်သွင်းလိုက်တဲ့အတွက် ဖိအားတွေ ပိုများလာပါတယ်။
သမ္မတက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမဲ့ သူ့ကိုယ်သူ ခုခံကာကွယ်သွားမယ်လို့ မေ ၁၁ ရက်မှာ နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Source: Reuters











