DVB Logo
Home
မြန်မာသတင်း
ရေဘေးကယ်ဆယ်စဉ်ပျောက်ဆုံးခဲ့သည့် ဒုတိယမြောက် တပ်မတော်သားရုပ်အလောင်း တွေ့ရှိ
DVB
·
July 31, 2018
ရေဘေးကယ်ဆယ်စဉ်ပျောက်ဆုံးခဲ့သည့် ဒုတိယမြောက် တပ်မတော်သားရုပ်အလောင်း တွေ့ရှိ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ရေဘေးကယ်ဆယ်နေစဉ်  ရေစီးထဲမျောပါ ပျောက်ဆုံးခဲ့တဲ့ ခမရ ၂ တပ်ရင်းက တပ်မတော်သား (၃) ဦးအနက်  နောက်ထပ် ၁ဦးရဲ့ ရုပ်အလောင်းကို ဇူလိုင် ၃၁ ရက် မနက်က ဘီးလင်းမြို့နယ်၊ တောင်ကလေးရွာဘက်မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ရေထဲမျောပါ ပျောက်ဆုံးနေတဲ့ တပ်မတော်သား ၃ ဦးထဲက တဦးရဲ့ အလောင်းကို  ဇူလိုင် ၃၀ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ပြီး ဒီကနေ့ နောက်ထပ် တဦးရဲ့ အလောင်းကို ထပ်မံ တွေ့ရှိတာဖြစ်ပြီး  ကျန်တဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက “ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာမှာ ထပ်တွေ့တာပါ။ တောင်ကလေးကျေးရွာဆိုတာ ရေမြုပ်တဲ့နေရာတဲ့ သိပ်မကွာဘူး။ မနက် ၇ နာရီခွဲလောက်ကတော့တွေ့တယ်။ ဒုတိယ တစ်ယောက်ကတော့ ဘယ်သူလဲဆိုတာ မသိသေးဘူး။ အခု ရင်ခွဲရုံကိုပို့ထားတယ်။” လို့ပြောပါတယ်။

လူတဦးတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ်တဲ့နေရာမှာ မိမိအသက်လုံခြုံမှုရှိတဲ့ လုံခြုံရေးပစ္စည်းတွေရှိမှသာ ကယ်တင်ဖို့နဲ့ ကယ်ဆယ်ကူညီသူအားလုံးကိုလည်း လုံလောက်တဲ့ သက်ကယ်ပစ္စည်းတွေ ၀တ်ဆင်အသုံးပြုစေဖို့ လိုအပ်တယ်လို့ မွန်ပြည်နယ်ရေကြီးမှုအတွက် ကယ်ဆယ်ကူညီပေးနေတဲ့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောပါတယ်။

“အဓိကကတော့ မိမိလုံခြုံရေးပေါ့။ တခြားလူတစ်ယောက်ကို ကယ်ဆယ်တဲ့နေရာမှာ ကိုယ့်လုံခြုံရေး save ဖြစ်မှ ကျနော်တို့က ကယ်တင်လို့ရမှာလေ။ ကယ်ဆယ်ရေး ကယ်တဲ့ အခါမှာ အသက်အန္တရာယ်ဖြစ်တဲ့နေရာတွေမှာ မိမိအသက်ကို စွန့်လွှတ်သင့်ရင်စွန့်လွှတ်ပါ။ ရေစီးကြမ်းတယ်ဆိုရင် တချို့နေရာတွေ မနေသင့်တော့ဘူးလေ။ တချို့နေရာမှာ နေတာတွေ ရှိတော့ ရေစီးထဲမျောပါသွားတဲ့အခါ လူထိခိုက်မှုပဲရှိသွားနိုင်တာပေါ့။ ကယ်ဆယ်တုန်းကလည်း သက်ကယ်အင်္ကျီတွေဝတ်ဆင်ထားတာတွေမရှိကြဘူး။ Save ဖြစ်အောင်လို့ ကြိုးတွေနဲ့ သွယ်တန်းပြီး ကယ်ဆယ်တာတွေမရှိတော့ ပိုပြီးဆိုးသွားတာပေါ့။ ရေမကူးတတ်တဲ့သူတွေ ဆိုရင်ပိုပြီး အန္တရာယ်များပါတယ်။ ရေစီးတဲ့နေရာတွေမှာ တပ်မတော်သားတွေက လမ်းပြတဲ့အခါ သက်ကယ်အင်္ကျီတွေ ၀တ်ဆင်ထားတာတွေမတွေ့ရဘူး” လို့ပြောပါတယ်။

တပ်မတော်သား (၃) ဦးက ပြည်သူလူထုကို ကူညီကယ်ဆယ်စဉ် အသက်ပေးလှူခဲ့ရတဲ့ အတွက် မွန်ပြည်နယ်အစိုးရအနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပြီး နောက်နောင် ဒီလိုအဖြစ်မျိုးမကြုံရအောင် ကြိုတင်ပြင်ဆင်နေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။

“တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့က ကျနော်တို့ကို ကိုယ်ကျိုးစွန့်ပြီး ကူညီဆောင်ရွက်ပေးတဲ့အနေအထားမှာ အသက်ပါ ဆုံးရှုံးသွားတဲ့အတွက် အင်မတန်ဝမ်းနည်း ပါတယ်။ ၂၆ ရက်နေ့တုန်းက ကျနော်တို့ ပြည်နယ်အစိုးရအစည်းအဝေးတခု ထိုင်ပါတယ်။ ၀န်ကြီးချုပ်ကိုယ်တိုင်ကလည်း သက်ကယ်အင်္ကျီတွေ အင်အားနည်းတဲ့အကြောင်းတွေ၊ ငှဝေပေး ဖို့ လုံလုံလောက်လောက်မရှိဘဲ အားနည်းနေတာတွေ တင်ပြပါတယ်။ ကယ်ဆယ်ရေးသမား အားလုံးသည် ဒါတွေဝတ်ထားဖို့လိုတယ်။ ရေကူးတတ်သော်ငြားလည်း ရေစီးသန်နေရင် မကယ်နိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ်။ သက်ကယ်လှေတွေကိုလည်း လုံလုံလောက်လောက် ချထားပေးဖို့လိုပါတယ်။ လှေတွေနဲ့ ဖြတ်တဲ့ခရီးသည်တွေအားလုံးလည်း ရေစီးသန်နေတဲ့အတွက် အင်မတန်စိုးရိမ်ရတယ်။” လို့ပြောပါတယ်။

ဘီးလင်းရေကြီးမှုမှာ ရေစီးသန်ခဲ့တာကြောင့် ပြည်သူလူထုကို ကယ်ဆယ်ပေးနေတုန်း ကျိုက်ထိုမြို့၊ အမှတ်(၂) ခြေမြန်တပ်ရင်းမှ တပ်မတော်သား (၇) ဦးရေစီးထဲမျောပါသွားပြီး (၄) ဦးကိုပြန်လည်ကယ်တင်နိုင်ခဲ့ပေမယ့်လည်း တပ်သား စိုးရန်နိုင်ခန့်၊ ကျော်ကျော်၊ စောတင်မောင်ဝင်းတို့ (၃) ဦးမှာ ရေစီးထဲမျောပါပျောက်ဆုံးခဲ့တာပါ။

တပ်သားစောတင်မောင်ဝင်းရဲ့ရုပ်အလောင်းကို မနေ့က ပြန်လည် တွေ့ရှိခဲ့လို့ ဘီးလင်းသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး ဒီနေ့မှာ တပ်သားစိုးရန်နိုင်ခန့်ရဲ့ ရုပ်အလောင်းကို တွေ့ရှိ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ရေဘေးကယ်ဆယ်ရေး တာဝန်ထမ်းဆောင်စဉ် အသက်ဆုံးရှုံးခဲ့တဲ့တပ်မတော်သား (၃) ဦးရဲ့မိသားစုဝင်တွေကို မွန်ပြည်နယ်အစိုးရအဖွဲ့က  ကျပ်သိန်း ၆၀ ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013