DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၁၄၀ ကျော် ပိတ်ထားရ
DVB
·
July 31, 2018
မွန်ပြည်နယ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၁၄၀ ကျော် ပိတ်ထားရ
Donate to DVB

မွန်ပြည်နယ် ဘီးလင်း၊ သထုံ၊ ကျိုက်ထိုနဲ့ ကျိုက်မရော စတဲ့ မြို့နယ်အသီးသီးမှာ ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ်တခုလုံးမှာ အခြေခံပညာစာသင်ကျောင်းပေါင်း  ၁၄၅ ကျောင်း ပိတ်ထားရတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။

ဇူလိုင် ၂၆ ရက်ကစပြီး မွန်ပြည်နယ်မှာ လေပြင်းတိုက်တာ၊ မိုးကြီးပြီး ရေကြီး ရေလျှံတာတွေဖြစ်ပေါ်ခဲ့လို့ စာသင်ကျောင်းတွေကိုရေ၀င်ရောက်ကာ ဘီးလင်းမြို့နယ်မှာ စာသင်ကျောင်း ၇၀၊ ကျိုက်ထိုမြို့နယ်မှာ ၃ ကျောင်း၊ သထုံမြို့နယ်မှာ ၂၆ ကျောင်း၊ ပေါင်မြို့နယ်မှာ ၉ ကျောင်း၊ မော်လမြိုင်မြို့နယ်မှာ ၈ ကျောင်းနဲ့ ကျိုက်မရောမြို့နယ်မှာ ၂၉ ကျောင်း၊ စုစုပေါင်း ၁၄၅ ကျောင်းပိတ်ထားရတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်က ပြောပါတယ်။

“လက်ရှိပိတ်ထားတဲ့ကျောင်းက ၁၄၅ကျောင်းပါ။ ဘီးလင်းကများတာပေါ့။ ဘီးလင်းကတော့ ရေကျပြီး ၁ပတ်အတွင်း ပြန်ဖွင့်ပေးပါမယ်။ အရင်ကဆို ၁၀ ကျောင်း၊ ၁၅ ကျောင်းလောက်ပဲပိတ်ရတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကလည်း ကျောင်းပိတ်ခဲ့ ရတာတွေရှိတယ်။ ဒီလောက်တော့မများဘူးပေါ့။”

ဘီးလင်းမှာ ရေ၀င်ရောက်ခဲ့တဲ့ကျောင်းတွေကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ NGO အဖွဲ့တွေက လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးထားပြီး တက္ကသိုလ်ကျောင်းတွေက ကျောင်းသားတွေကလည်း လာရောက်ကူညီနေပါတယ်။

“ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသားတွေက ဘီးလင်းမြို့နယ်ကို ဆင်းလာပြီး ကျောင်းတွေမှာ သန့်ရှင်းရေး ၀ိုင်းလုပ်ပေးမယ်ပေါ့။ တစ်ကျောင်းချင်းကို ရှင်းပေးမယ်။ လိုအပ်တဲ့ ပရိဘောဂတွေကိုလည်း ကူညီပေးမယ်ပြောတယ်။ ကျောင်းခေါ်ချိန်အတွက်တော့ ကလေးတွေရော၊ ပညာရေးဝန်ထမ်းတွေရော စိတ်ပူစရာ မရှိပါဘူး။”လို့ ပြည်နယ် ပညာရေးမှူးရုံးက ဒေါ်လဲ့လဲ့ကြည်ကပြောပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့စာသင်ကျောင်းတွေက ကျောင်းသူ၊ကျောင်းသားတွေကို အခြေခံပညာ ဦးစီးဌာန (မွန်ပြည်နယ်) နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဌာနမှာကျန်ရှိနေသေးတဲ့ ကျောင်းဝတ်စုံ ၁၁,၀၀၀ ခန့်နဲ့ ဗလာစာအုပ်တွေကို အခုအပတ်အတွင်း ထောက်ပံ့ လှူ ဒါန်းသွားမှာဖြစ်ပြီး ရေဘေးလွတ်တဲ့ကျောင်းတွေမှာ စာရေးကိရိယာတွေ အလှူခံဖို့လည်း စီစဉ်ထားတယ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013