စကော့တလန်ရဲ့ ဖကက်စ်လိန်းဒေသမှာရှိတဲ့ ဗြိတိန်ရဲ့ HMNB Clyde နျူကလီးယား ရေငုပ်သင်္ဘော အခြေစိုက်စခန်းထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အီရန်သူလျှိုလို့ သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ The Sun သတင်းစာက မတ်လ ၂၀ ရက်မှာဖော်ပြပါတယ်။
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲစတင်ပြီး ၃ ပတ်အကြာမှာ ဒီဖမ်းဆီးမှု ပေါ်ပေါက်လာတာပါ။
ဗြိတိန်ဟာ အီရန်ကို တိုက်ခိုက်ရာမှာ တိုက်ရိုက်မပါဝင်ပေမဲ့ ပင်လယ်ကွေ့ ဒေသမှာတော့ အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ချ ဖျက်ဆီးပေးခဲ့ပါတယ်။
စကော့တလန်ရဲတပ်ဖွဲ့က မတ် ၁၉ ရက် ညနေ ၅ နာရီဝန်းကျင်မှာ HMNB Clyde အခြေစိုက်စခန်းအနီးမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးယောက်ကို ဖမ်းမိထားကြောင်း အတည်ပြုခဲ့ပေမဲ့ သူတို့ ဘာနိုင်ငံသားဖြစ်တယ်ဆိုတာကိုတော့ မှတ်ချက် မပေးထားပဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စကော့တလန်ရဲက “အသက် ၃၄ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်” လို့လည်း ပြောပါတယ်။
တော်ဝင်ရေတပ်ကလည်း ဒီဖမ်းဆီးမှုကို အတည်ပြုထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တာကြောင့် အသေးစိတ်ထပ်မံဖြေကြားခြင်း မရှိပါဘူး။
စကော့တလန် အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ကလိုက်ဒ်အခြေစိုက်စခန်းဟာ ဗြိတိန်ရဲ့ လုံခြုံရေးအတွက် အလွန်အရေးပါတဲ့နေရာ ဖြစ်ပြီး အဲဒီမှာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောအုပ်စုတွေအပြင် တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေကိုပါ ထားရှိတာ ဖြစ်ပါတယ်။
Source: Reuters










