DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံ
DVB
·
July 23, 2012
သမ္မတ ဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံ
Donate to DVB

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ထိုင်း ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် နဲ့ ဘန်ကောက်မြို့က  အစိုးရရုံးမှာ ဒီနေ့ တွေ့ဆုံပြီး စီးပွားရေးနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဆောက်လုပ်ဆဲဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ထိုင်း ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ် က ဆွေးနွေးပွဲ အပြီး မြန်မာသမ္မတနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

[caption id="attachment_28277" align="alignleft" width="300" caption="သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်"][/caption]

ထိုင်းဝန်ကြီးချုပ်က “ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ဖို့ နဲ့ အောင်မြင်ဖို့ နှစ်နိုင်ငံ ပူးပေါင်း အားထုတ်မှု နဲ့ ရှေ့တိုးဆောင်ရွက် သွားကြဖို့ ထိုင်းအစိုးရက စိတ်ပိုင်းဖြတ်ထားတဲ့ အကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။  နှစ်နိုင်ငံ အကျိုးနဲ့ ဒေသအကျိုးအတွက် ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံက  လမ်ချာဘန် ရေနက်ဆိပ်ကမ်းကို ဆက်သွယ်ဖို့  နှစ်နိုင်ငံ အစိုးရတွေက သဘော တူညီခဲ့ကြပါတယ်” လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က “ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်တဲ့ နေရာမှာ ထောက်ခံအားပေးတဲ့ ထိုင်းအစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ကျနော်အနေနဲ့ ထုတ်ဖော်ပြောကြားလိုပါတယ်။ ကျနော်တို့အနေနဲ့ အဲဒီ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားကြောင်းကို လည်း အလေးအနက်ပြောကြားလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး တွေအကြား နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန်ကတော့ ဒီစာချုပ်တွေထဲမှာ နည်းပညာပူးပေါင်း ဆောင်ရွက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စွမ်းအင်ကဏ္ဍတွေ ပါဝင်တယ်လို့ ပြောထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းလူမျိုးတွေကိစ္စလည်း ဆွေးနွေးခဲ့ တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်း နိုင်ငံခြားရေးဌာနကတော့ မြန်မာနယ်မြေထဲ ၀င်ရောက်ကျူးကျော်မှု နဲ့ ဇူလိုင်လဆန်း က ကောသောင်းမြို့နယ်ထဲမှာ ဖမ်းဆီးခံထားရတဲ့  ထိုင်းနိုင်ငံသား ၉၂ ဦးရဲ့ အမှုကို လာမယ့် သောကြာနေ့မှာ တရားစီရင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ သာနီသွန်ပတ်ဒီက ဖမ်းဆီးခံထားရတဲ့ ထိုင်းတွေကို စွဲထားတဲ့ စွဲချက်တွေထဲမှာ တရားမ၀င် ၀င်ရောက်မှုကနေ တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ မူးယစ်ဆေးဝါးမှုတွေထိ ပါဝင်တယ်လို့ ထိုင်းမီဒီယာတွေကို ဒီနေ့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ထိုင်းနိုင်ငံမှာ ဇူလိုင် ၂၂ ရက်နေ့ကတည်းက  ၃ ရက်တာ ခရီးရောက်ရှိနေတာဖြစ်ပြီး မနေ့ကတော့ ချွန်ဘူရီမှာရှိတဲ့ လမ်ချာဘန် ရေနက်ဆိပ်ကမ်းနဲ့  စက်မှုဇုန်တွေကို သွားရောက်လေ့လာခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် မြန်မာနိုင်ငံကို မပြန်ခင် ထိုင်းဘုရင့်နန်းတော် နဲ့ မြ ဘုရားတွေကိုလည်း သွားရောက်ဖူးမြော်ဖို့ရှိပြီး ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတဲ့ အကြောင်းနဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအဖွဲ့တွေကို သံရုံးက ဆက်သွယ် ဖိတ်ခေါ်ထားတယ်လို့ မဟာချိုင် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ဝင် ဦးအောင်ကျော် က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ လကတည်းက ထိုင်းနိုင်ငံကို လာရောက်ဖို့ ၂ ကြိမ်တိုင် ရွှေ့ဆိုင်း အပြီးမှာ အခု ခရီးစဉ်ကို ရောက်ရှိလာတာပါ။ ၂၀၀၈ ခုနှစ် ဧပြီလပိုင်းက ၀န်ကြီးချုပ်အဖြစ် လာရောက်ခဲ့ဖူးပေမယ့် အခု ခရီးစဉ်ဟာ ၂၀၁၁ မတ်လ သမ္မတ ရာထူး လက်ခံပြီးနောက် ပထမဆုံး ထိုင်းနိုင်ငံကို တရားဝင် ချစ်ကြည်ရေး လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013