DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆီဆိုင်တချို့ပိတ်ထားရ
DVB
·
July 31, 2018
မော်လမြိုင်တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆီဆိုင်တချို့ပိတ်ထားရ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ရေကြီးရေလျှံခဲ့ပြီး အဝေးပြေးကားလမ်းကို ပိတ်ထားရတာကြောင့် ကုန်စည်မစီးဆင်းနိုင်ဘဲ မော်လမြိုင်မြို့တွင်းက စက်သုံးဆီ အရောင်းဆိုင် တချို့ကို ပိတ်ထားရတယ်လို့ မော်လမြိုင် စက်သုံးဆီဆိုင်တွေဆီက သိရပါတယ်။

လက်ရှိ မော်လမြိုင်က မြတ်မေတ္တာမွန် ဆီဆိုင်၊ ဖိုးလပြည့်ဆီဆိုင်၊ Denko ဆီဆိုင်နဲ့ Apex ဆီဆိုင်တို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး နီလာရွှေစင် ဆီဆိုင်မှာလည်း ဆီလက်ကျန် နည်းနေပြီလို့ ဆီဆိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

နီလာရွှေစင် ဆီဆိုင်မန်နေဂျာ ကိုကြည်သန်းက “လက်ရှိ ကျနော်တို့မှာ ဆီလက်ကျန်ဂါလန် သုံး လေးထောင်ပဲ ရှိတော့တယ်။ တဆိုင်လုံးမှ ဂါလန် ခုနှစ်ထောင်၊ ရှစ်ထောင်လောက်ပဲ ရှိတော့တယ်။ ပိတ်ထားတဲ့ ဆိုင်တွေက ကျနော်တို့ဘက်မှာ ရာမာန်ရှိတယ်။ မြို့ရှောင်လမ်းက ရာဇာမင်းနဲ့ စစ်ကဲကုန်းက ရွှေသံလွင် ပိတ်တယ်။ Denko နဲ့ မြတ်မေတ္တာမွန်လည်း ပိတ်ထားတယ်။ သဘောင်္တွေလည်း မလာတော့ဘူး။ ကုန်ကားတွေလည်း မလာတော့ဘူး။ နှစ်ရက်လောက် ဆိုရင်တော့ ကျနော်တို့ ထိန်းလို့ရသေးတယ်။ သုံး လေးရက် ဆိုရင်တော့ ကျနော်တို့လည်း သူများလိုပဲ ပိတ်မှ ရတော့မယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စက်သုံးဆီအရောင်းဆိုင် ၅ ဆိုင်အထိ ပိတ်ထားရပြီး ဇူလိုင် ၃၁ ရက်နေ့မှ ဆီမရောက်လာဘူးဆိုရင် လက်ကျန်ဆီ ကုန်လို့ ဆိုင်ပိတ်ရတော့မယ်လို့ ဖိုးလပြည့် ဆီဆိုင်တာဝန်ခံ ဦးမြင့်အောင်က ပြောပါတယ်။

“မြို့ပေါ်မှာရှိတဲ့ ဆီဆိုင်တွေအားလုံးကတော့ ဆီပြတ်နေကြပြီ။ အခု ဆီလက်ကျန် အနေအထားအရ ဇူလိုင် ၃၀ ရက် ကုန်မယ်လို့ ခန့်မှန်းထားတယ်။ တို့က ဆီမပြတ်ချင်ဘူး။ ရောင်းချင်တာပေါ့။ အခုက သဘာဝဘေးအန္တရာယ်တွေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိတော့ ကိုယ့်မှာ ဆီမရှိလို့သာ ပိတ်လိုက်ရတယ်။ ကိုယ်လည်း မပိတ်ချင်ဘူး။”

လက်ရှိမှာ ဆီဖြည့်ချင်တဲ့ ပြည်သူတွေအနေနဲ့ မော်လမြိုင်မြို့တွင်းမှာ မရှိတဲ့အတွက် မြို့ပြင်ဆိုင်တွေနဲ့ လမ်းဘေး ကြုံရာဆိုင်တွေမှာ ဖြည့်ယူနေရတယ်လို့ ဆိုင်ကယ်တက္ကစီ မောင်းသူ ဦးမောင်မောင်က ပြောပါတယ်။

“ဆီထည့်တာ တန်းစီစနစ်နဲ့ ထည့်နေရတယ်။ အခု ဆီဆိုင်တွေ ဆီပြတ်နေတယ်။ ရတဲ့နေရာ ထည့်နေရတယ်။ လမ်းဘေး ဆီဆိုင်တွေမှာ ထည့်နေရတယ်။ အပြင်ဆိုင်တွေမှာ ၁ လီတာ တဘူးကို ၁၂၀၀ နဲ့ ဝယ်နေရတယ်။”

လက်ရှိ မော်လမြိုင်မြို့တွင်းမှာ ဆီဆိုင် ၅ ဆိုင်လောက်ရှိပြီး မြို့ပြင်နဲ့ တခြားဆိုင်တွေမှာလည်း လက်ကျန်ဆီနည်းနေပြီး မော်လမြိုင်မြို့ ဓာတ်ဆီဈေးနှုန်းတွေမှာ ၉၂ တလီတာကို ၉၄၀ ကျပ်နဲ့ ၉၅ တလီတာကို ၉၇၀ ကျပ်အထိ ရှိနေပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ရေကြီးတာကြောင့် ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ၄ ရက်ကြာ ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားခဲ့ရပြီး ဇူလိုင် ၃၀ ရက် ညနေပိုင်းမှာ ရေအနည်းငယ် ပြန်လည်ကျဆင်းလို့  ယာဉ်သွားလမ်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013