DVB Logo
Home
မြန်မာသတင်း
ကနီတွင် ဝက်ရောဂါဖြစ်ပွား၍ ၁၃ ကောင်သေ၊ ဓာတ်ခွဲခန်းပို့ စစ်ဆေးမည်
DVB
·
July 30, 2018
ကနီတွင် ဝက်ရောဂါဖြစ်ပွား၍ ၁၃ ကောင်သေ၊ ဓာတ်ခွဲခန်းပို့ စစ်ဆေးမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာမှာ ပြီးခဲ့တဲ့ ၁ ပတ်လောက်က စတင်ကာ ဝက်ရောဂါတမျိုးဖြစ်ပွားနေပြီး သေဆုံးမှုတွေ ရှိနေပါတယ်။

လက်ရှိအချိန်ထိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ဝက်ကောင်ရေ ၁၃ ကောင်သေဆုံးနေပြီး ကျန်တဲ့ ဝက်တွေကိုလည်း ကာကွယ်ဆေးထိုးတာ၊ အသိပညာပေးတာ၊ ခြံဝန်းကျင်သန့်ရှင်းရေးလုပ်တာတွေကို ပြုလုပ်ပေးနေပါတယ်။

“ကျနော်တို့ဆီကို အကြောင်းကြားတာကတော့ ၂၈ ရက်နေ့မှပေါ့။ ဖြစ်တာတော့ ၂၀ ရက်နေ့လောက်ကတည်းက ဖြစ်တာပြောတယ်။ လောလောဆယ်မှာတော့ ဘာရောဂါလို့ အတတ်မပြောနိုင်သေးဘူး။ မန္တလေးဓာတ်ခွဲခန်းကို ပို့ပြီး စမ်းသပ်စစ်ဆေးဖို့လုပ်နေတယ်။ သေချာတာကတော့ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တာပါ။ ဌာနအနေနဲ့လည်း စောင့်ကြည့်ကုသတာတွေ ပြုလုပ်ပေးနေပါတယ်” လို့ တိုင်းမွေးမြူရေးနှင့် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါက်တာ မြင့်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်ကိုင်းတိုင်းအတွင်းမှာပဲ ဝန်းသို၊ ကောလင်း၊ အင်းတော် စတဲ့မြို့နယ်တွေမှာ ဝက်နားရွက်ပြာရောဂါတွေဖြစ်ပွားခဲ့လို့ ဝက်ကောင်ရေ ၆၀၀ ကျော် သေဆုံးခဲ့သလို ၂၀၁၀ ခုနှစ်ကလည်း စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်တွေမှာ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ဝက်ရောဂါကလည်း ကူးစက်မြန်တာကြောင့် ဇီဝလုံခြုံရေးအတွက် ဝက်ရောင်းချမှုနဲ့ သယ်ယူမှုတွေကို ကန့်သတ်ထားပါတယ်။

“ရောဂါဖြစ်တဲ့ ဝက်တွေက မှိန်းတာ၊ ပြီးရင် ဝမ်းလျှောတာ၊ အသားတွေ နီလာပြီးတော့ သေတာ။ ဒေသအခေါ်ကတော့ ဝက်ဝမ်းကျရောဂါခေါ်တာပေါ့။ သမင်ခြံတင် ဝက်ကောင်ရေ သုံးလေးရာလောက်ရှိတယ်။ ဝက်သေတဲ့သူတွေမှာတော့ ဆုံးရှုံးမှုတွေရှိတာပေါ့။ လောလောဆယ်တော့ တိမွေးကုကလည်း လာရောက်ကုသပေးနေတော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ ကျန်တဲ့ရွာတွေတော့ ဖြစ်တယ်မကြားသေးဘူး” လို့ သမင်ခြံကျေးရွာက ဝက်မွေးမြူသူတဦးက ပြောပါတယ်။

ကနီမြို့နယ်မှာ တပိုင်တနိုင် ဝက်မွေးမြူသူ ထောင်ချီရှိပြီး ဝက်ကောင်ရေ ၉ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ အရင်ကလည်း သမင်ခြံကျေးရွာမှာ ဒီလိုရာသီဥတု အပြောင်းလဲကာလမှာ ဝက်ငယ်လေးတွေ သေတာရှိပြီး ဝက်အကောင်ကြီးတွေသေတာတော့ အခုမှဖြစ်တာလို့ ဆိုပါတယ်။

လက်ရှိ ကနီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ဝက်ရောဂါက လူနဲ့ အခြားတိရစ္ဆာန်တွေကိုတော့ မကူးစက်နိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ နောက်ထပ်ဆုံးရှုံးမှုမရှိစေရေးအတွက် ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် ထိန်းချုပ်တာ၊ ကာကွယ်မှုလုပ်တာ၊ ကုသမှုလုပ်တာနဲ့ အသိပညာပေးဟောပြောတာတွေကို တိုင်းညွှန်ကြားရေးမှူးကိုယ်တိုင် ကွင်းဆင်းလုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013