DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာက ရွှေနံ့သာကိစ္စ အမှုဖွင့်ပြီ
DVB
·
July 23, 2012
ဇေကမ္ဘာက ရွှေနံ့သာကိစ္စ အမှုဖွင့်ပြီ
Donate to DVB

လွှတ်တော်အမတ် သူဋ္ဌေး ဦးခင်ရွှေ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရဲ့ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသရေဖျက်မှုနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်းမှာ တိုင်ချက်ဖွင့်လို့ ရဲက ဒီမနက် ခေါ်ယူစစ်မေးပါတယ်။

ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်း စက်မှုဇုန်စီမံကိန်း အကောင်အထောင်ဖော် ဆောင်နေရာမှာ နစ်နာခဲ့တဲ့ လယ်သမားတွေဘက်က ဦးနေမျိုးဝေက လိုက်ပါ ဆောင်ရွက်ပေးနေတာပါ။

အဲဒီစီမံကိန်း အကောင်အထည်ဖော်ရာမှာ မူလ စပါးစိုက်ပျိုးတဲ့မြေတွေ သိမ်းဆည်းခံရမှုနဲ့ စပ်လျဉ်းပြီး လယ်ယာမြေတွေကို ဇေကမ္ဘာကုမ္ပဏီက လှည့်ဖြားပြီး သူတို့ထံကယူသွားတယ်လို့ လယ်သမားတွေက တောက်လျောက် ဇေကမ္ဘာကုမ္ပဏီကို ပြောဆိုလာတာပါ။

အဲဒီလယ်သမားတွေဘက်က ဦးနေမျိုးဝေက လိုက်ပါဦးဆောင်ပြီး ပြည်တွင်းပြည်ပ မီဒီယာတွေကို ပြောဆိုချက်တွေဟာ ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်ဆိုပြီး တရားစွဲဆိုနိုင်တယ်လို့ သတိပေးပြီးနောက် လက်တွေ့ အမှုဖွင့်ဆောင်ရွက်ချက် ဖြစ်ပါတယ်။

ဦးနေမျိုးဝေရဲ့ ပြောဆိုလုပ်ဆောင်ချက်တွေဟာ သူတို့ကုမ္ပဏီရဲ့ ဂုဏ်အသရေကို ထိပါးတဲ့အတွက် တရားဥပဒေလမ်းကြောင်းက ဆောင်ရွက်တာလို့ ကိုယ်တိုင် ဦးစီးတိုင်ကြားခဲ့တဲ့ ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ပြောပါတယ်။

“သည်ဗွိုက် ၀ီးကလီး ဂျာနယ်မှာ ၂၀-၂၆၊ ၂ ၂၀၁၂ လား မသိဘူးဗျ။ အဲဒီဂျာနယ်မှာ ဇေကမ္ဘာကုမ္ပဏီကို နိုင်ငံတော်အာဏာ အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲမယ်ဆိုပြီး ငြိမ်းချမ်းရေးနဲ့ မတူကွဲပြားရေးပါတီ ဦးနေမျိုးဝေက ပြောကြားပါသည်ဆိုတဲ့ဟာလေး ရှိပါတယ်။ အဲဒီတချက်ပါပဲဗျ။ ကျနော်တို့ ဇုန် ၄ ထဲမှာ လာပြီးတော့ movie တွေ လာလုပ်တဲ့အခါမှာ ထုတ်တဲ့ အသံလွှင့်တာတွေ ရှိတယ်ဗျ။ တချို့ movie တွေဆို နိုင်ငံတော်အာဏာကို ချိုးဖောက်ပြီးတော့ အောက်ခြေအဖွဲ့အစည်းနဲ့ လိမ်လည်လှည့်ဖြားပြီး လုပ်တာ အဲဒီလို စာသားတွေ အများကြီး ပါပါတယ်ဗျ။”

အသရေဖျက်မှုနဲ့ တရားရုံးကို ဦးတိုက်လျှောက်တာ ဖြစ်ပေမယ့် လုပ်ထုံးလုပ်နည်းအရ မြို့နယ်ရဲထံ ပထမအမှုဖွင့်ရတာကြောင့် မြို့နယ်မှူးက ဇူလိုင် ၂၃ ရက်နေ့မနက် ၁၀ နာရီမှာ ခေါ်ယူစစ်မေးတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။

“ဇေကမ္ဘာကုမ္ပဏီသည် စက်မှုဇုန် လုပ်ခွင့်မရှိဘဲ လုပ်တယ်လို့ ကျနော်ပြောတာတွေကို ဒါသည် ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ညှိးနွမ်းစေသည်လို့ ပြောတယ်။ ကျနော်ကလည်း ကျနော်ပြောခဲ့တာတွေဟာ သက်သေအထင်အရှား ရှိတယ်။ ကျနော်ပြောခဲ့တာတွေဟာ ဒီနေ့ ဒီရက်စွဲ ပါခဲ့တဲ့ ဂျာနယ်တွေမှာ ပါတာတွေ ဖတ်ပြီးသွားပြီ။ ကျနော် ပြောခဲ့တာတွေ တာဝန်ယူတယ်။ ကျနော်ဟာ ဥပဒေကြောင်းအရ ဖြစ်စဉ်တွေကို ဖော်ထုတ်ပြီး အမှန်အတိုင်းပြောတာ ဖြစ်တဲ့အတွက် တမင်ဂုဏ်သိက္ခာကျအောင် ပြောတာမဟုတ်ဘူး။ ရဲကလည်း စုံစမ်းထားတာရှိတယ်၊ အိုးအိမ်တို့ဘာတို့မှာ လန ၃၉ (လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ) ကျ မကျ၊ စက်မှုဇုန် ခွင့်ပြုချက်ရှိ မရှိတို့ပေါ့။”

ရဲစခန်းကို အမှုစတင်ရောက်ရတဲ့ ဇေကမ္ဘာနဲ့ ရွှေနံ့သာ လယ်သမားကိစ္စဟာ လယ်ယာမြေ ၈၁၅ ဧကကို သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတာ ကြာပြီဖြစ်ပြီး လယ်သမားတွေက မြေယာမှုခင်းဖွင့်ရာမှာ ကျေးရွာမြေယာကော်မတီက ဇေကမ္ဘာကို အနိုင်ပေးထားပြီး သီးစားချခွင့်ပြုဖို့ ဆုံးဖြတ်ထားပါတယ်။

လယ်သမားတွေက မကျေနပ်လို့ မြို့နယ်မြေယာကော်မတီကို အယူခံတင်ဖို့ လျှောက်ထားရာမှာ မြို့နယ်မြေယာကော်မတီက မြေယာမှုခင်းကို သူနဲ့မဆိုင်ဘဲ အိုးအိမ်ဦးစီးဌာနနဲ့သာ သက်ဆိုင်တယ်လို့ ပြောတဲ့အတွက် လွန်ခဲ့တဲ့ သီတင်းပတ်မှာ လယ်သမားတွေက ဆန္ဒပြခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013