DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှု ဆက်လက်စစ်ဆေးရန် ညွှန်ကြား
DVB
·
July 30, 2018
သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှု ဆက်လက်စစ်ဆေးရန် ညွှန်ကြား
Donate to DVB

လူမှုကွန်ရက်မှာ ဟာသဗွီဒီယိုတွေနဲ့ လူသိများတဲ့ သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို စွဲချက်မတင်မီ လွှတ်မိန့်ချမှတ်ထားတဲ့အမိန့်ကို ပယ်ဖျက်ပြီး အမှုကို ဆက်စစ်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဥပဒေချုပ်ကို ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။

အောင်ရဲထွေး သေဆုံးတာနဲ့ ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က) အရ အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့ အမိန့်ချမှတ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးကရော၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သမ္မတရုံးပြောခွင့်ရ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်မှာ  ဒီကနေ့ ရှင်းလင်းထုတ်ပြန်လိုက်ပါတယ်။

ဒီလို စိစစ်မေးမြန်းရာမှာ ရာဇသတ်​ကြီးပုဒ်​မ ၃ဝ၂ အရ စွဲဆိုမှုရုပ်သိမ်းလွှာ တင်​ပြသူတွေက ​သေဆုံးသူ အောင်​ရဲ​ထွေးရဲ့အစ်​ကို ကိုသန့်​ဇင်​ဦး၊ ​သေဆုံးသူရဲ့ဖခင်​ ဦးမြင့်ဦး၊ ​သေဆုံးသူရဲ့ မိခင်​ ​ဒေါ်သန်းသန်း​ထွေးနဲ့ သေဆုံးသူရဲ့အစ်​ကို ​နေဇင်​လတ်​တို့ပဲ ဖြစ်ပါတယ်။

ကာယကံရှင်မိသားစုဝင်တွေက ရုပ်သိမ်းလွှာတင်ပြတဲ့အပြင် တရားလိုပြ သက်သေတွေ ကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၁၄ ယောက်ရဲ့ ထွက်ဆိုချက်တွေမှာ ရိုက်နှက်မှု ဖြစ်ပွားတုန်းက ရှိနေတဲ့ သက်သေတွေကိုယ်တိုင်က ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုပြောကြားတာ မရှိဘဲ ခိုင်လုံတဲ့ သက်သေထွက်ဆိုချက် ပေါ်ပေါက်တာ မရှိတဲ့အတွက် တိုင်းဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ တင်သွင်းခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု/လူသတ်မှုတွေကို ဒီလိုမျိုး ရုပ်သိမ်း လွှတ်ပေးရသလားဆိုပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့ တာဝန်ရှိသူတွေကို ဝေဖန် ပြစ်တင်တာတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်နေတယ်လို့ လည်း ဦးဇော်ဌေးက ရေးသားထားပါတယ်။

ဒါကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်စစ်ဆေးဖို့ တိုင်းတရားလွှတ်တော်ကို တင်ပြဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဥပဒေချုပ်ကို ဒီကနေ့ ညွှန်ကြားလိုက်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ တိုင်းဥပဒေချုပ်က တိုင်းတရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းမှာ ဖြစ်ပါတယ်။

တိုင်းတရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက်စစ်ဆေးရမှာဖြစ်ပြီး တရားလိုပြသက်သေ ၂၂ ယောက်ရှိတဲ့အထဲမှာ ၁၄ ယောက် ထွက်ဆိုချက်ပေးပြီး ဖြစ်တာကြောင့် ကျန်တဲ့သက်သေ ၈ ယောက်ကို ဆက်လက် စစ်ဆေးရမှာလည်း ဖြစ်ပါတယ်။

အမှုမှာ တရားခံအဖြစ် ပါဝင်ခဲ့သူတွေဟာ ပြည်ပထွက်သွားပြီဆိုတာနဲ့ ပတ်သက်ပြီးတော့ လည်း အစိုးရအနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး အခုလည်း အဲလို ဆောင်ရွက်သွားမယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဟာသဗွီဒီယိုတွေနဲ့ နာမည်ရလာတဲ့ အောင်ရဲထွေးဟာ ဇန်နဝါရီ ၁ ရက်က ပါတီပွဲတခုမှာ လူအုပ်စုရဲ့ ရိုက်နှက်ခံရပြီးနောက် သေဆုံးခဲ့ပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ၃ ဦးကို လူသတ်မှု ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုခဲ့တာပါ။ ဒီနောက် တရားလိုဘက်က အမှုကို ကျေအေးလိုက်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းလိုက်တဲ့အပေါ် ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013